Advertisement
ဝက်ခြံထွက်နေချိန်မှာ ဒီအချက်တွေ အထူးရှောင်ပါ

မျက်နှာပေါ်မှာ ဝက်ခြံတွေရှိနေတာ ဘယ်သူမှ မကြိုက်ဘူးလေနော်။ အဲဒီလို ထွက်လာတဲ့ဝက်ခြံတွေ အမြန်ပျောက်ချင်တယ်ဆိုရင်တော့ ဝက်ခြံထွက်နေချိန်မှာ ရှောင်ရမယ့် အချက်တွေ ရှိတယ်နော်။

ဝက်ခြံဆိုတာက အစိုးမရတဲ့ အရာတစ်ခုပါပဲ။ ဘယ်လောက်ပဲ အသားအရေတွေ ဂရုစိုက်စိုက် ထွက်ချင်တဲ့အချိန် ထွက်လာစမြဲပါ။ မျက်နှာ လှလှလေး ပြင်ပြီး အပြင်သွားစရာရှိတဲ့ ရက်တွေဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ တစ်ဖု နှစ်ဖု မကဘူး ထွက်လာပြီး နီရဲရောင်ကိုင်း နေတာမျိုးပေါ့။ အဲဒီလို ဝက်ခြံ နီနီရဲရဲကြီးတွေ ထွက်လာရင် ဘာတွေလုပ်သင့်ပြီး ဘယ်လိုတွေ မလုပ်သင့်ဘူးလဲဆိုတာ ပြောပြမယ်နော်။

မျက်နှာအလွန်အကျွံသစ်တာ

ဝက်ခြံထွက်နေတဲ့အချိန်မှာ မျက်နှာခဏခဏ သစ်တာမျိုးလည်း မလုပ်ပါနဲ့နော်။ မျက်နှာခဏခဏတွေ သစ်လို့ ဝက်ခြံအထွက်မနည်းဘဲ မျက်နှာသစ်ဆေးကြောင့် ရေဓါတ်ခမ်းခြောက်ပြီး ဝက်ခြံတွေ ပိုထွက်လာမှာပါ။ ဒီတော့ အလွန်အကျွံကြီး သစ်တာ ရှောင်နော်။

အလွယ်နည်းတွေ သုံးပြီး အမြန်ပျောက်ချင်တာ

ဝက်ခြံထွက်လာခါမှ အသည်းအသန် ဝက်ခြံပျောက်ဆေးတွေ ရှာသုံးတာမျိုး မလုပ်ပါနဲ့။ ဘယ်နှစ်ရက်အတွင်း ဝက်ခြံအမြစ်ပြတ်မယ်ဆိုတာမျိုးတွေပေါ့။ ဝက်ခြံပျောက်ဖို့က အချိန်တော့ ယူရမှာပါ။ အလွယ်လမ်းတွေနဲ့ မပျောက်ချင်ပါနဲ့။

လက်နဲ့ညှစ်တာ

ဝက်ခြံ ထွက်လာပြီဆိုရင် အများဆုံး လုပ်တတ်ကတော့ လက်နဲ့ ညှစ်တာပါပဲ။ လက်နဲ့ ညှစ်တာက ရောင်ရမ်းတာကို ပိုဖြစ်စေတဲ့အပြင် အမာရွတ်တွေ ကျန်စေမယ့် အဓိက တရားခံပါပဲ။ လက်နဲ့ညှစ်တာက ဘက်တီးရီးယားတွေ ပိုဖြစ်စေပြီး ပိုရောင်ရမ်းစေမှာပါ။ ဝက်ခြံ အဆံတွေ မရှိလေ ကြိုက်လေ ဆိုပေမယ့် အမာရွတ်တွေနဲ့ အပေါက်ကျန်ခဲ့တာက ကြာရင် စိတ်ညစ်ရမှာပါ။ လက်နဲ့ညှစ်တာ မလုပ်ပါနဲ့။

Scrub လုပ်တာ

Scrub လုပ်တာမျိုး လုံးဝရှောင်နော်။ ဝက်ခြံထွက်လာကာမှ Scrub လုပ်တာက ဝက်ခြံတွေကို ပိုရောင်ရမ်းစေပြီး ပိုထွက်လာစေနိုင်ပါတယ်။ နောက်ပြီး Scrub လုပ်တဲ့အခါမှာလည်း ဝက်ခြံဖုတွေနဲ့ ထိမိပြီး နာကျင်မှာပါ။ ထွက်လာမှ မလုပ်ဘဲ အရင်ကတည်းက ထိန်းသိမ်းတဲ့အနေနဲ့ လုပ်သင့်ပါတယ်။

မိတ်ကပ်တွေနဲ့ အိပ်တာ

ဝက်ခြံတွေ ထွက်နေချိန်မှာ မျက်နှာသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ မျက်နှာမှာ အဆီတွေ၊ အညစ်အကြေးတွေ ရှိနေသေးရင် သေချာပေါက် ဝက်ခြံတွေ ထပ်ထွက်လာမှာပါ။ မိတ်ကပ်တွေကြောင့် ချွေးပေါက်တွေ ပိတ်တာ၊ အဆီတွေ ရှိနေတာမျိုး မဖြစ်ဖို့ မိတ်ကပ်တွေ ဖျက်အိပ်ပါ။ ဘယ်လောက်ပင်ပန်း ပင်ပန်း အိပ်ခါနီး မိတ်ကပ်မဖျက်ရင်တော့ ဝက်ခြံတွေကို ဖိတ်ခေါ်သလို ဖြစ်နေမှာပါ။

မျက်နှာပေါ်မှာ ဝက်ခြံတွေရှိနေတာ ဘယ်သူမှ မကြိုက်ဘူးလေနော်။ အဲဒီလို ထွက်လာတဲ့ဝက်ခြံတွေ အမြန်ပျောက်ချင်တယ်ဆိုရင်တော့ ဝက်ခြံထွက်နေချိန်မှာ ရှောင်ရမယ့် အချက်တွေ ရှိတယ်နော်။

Comments

0 comments