Advertisement

ဆံကေသာကို ထိန်းသိမ်းရမယ့် ထိန်းသိမ်းနည်းတွေ သိထားသင့်တယ်နော်။ ဘယ်အချက်တွေနဲ့ ထိန်းသိမ်းလို့ ရမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်

ပိုးသားလေးလို ပျော့ပျောင်းတဲ့ ဆံသားလေး မပိုင်ဆိုင်ချင်ကြဘူးလား။ ဆံသားလေးတွေ ကိုင်ကြည့်လိုက်ရင် ပျော့ပျောင်းပြီး အရောင်တောက်တောက် စိုစိုပြေပြေလေး ဖြစ်နေတာကို သဘောကျကြတယ်မလား။ ဒါဆိုရင်တော့ ဆံကေသာကို ထိန်းသိမ်းရမယ့် ထိန်းသိမ်းနည်းတွေ သိထားသင့်တယ်နော်။ ဘယ်အချက်တွေနဲ့ ထိန်းသိမ်းလို့ ရမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်။

ရေပူနဲ့ ခေါင်းမလျှော်ပါနဲ့

ရေပူနဲ့ ခေါင်းလျှော်တာမျိုး လျှော့ပါ။ အပူဓါတ်ကြောင့် ဦးရေပြား ခြောက်သွေ့ပြီး ဆံပင်တွေ ကောင်းကောင်း မသန်တာမျိုး ဖြစ်စေတတ်ပါတယ်။ ဦးရေပြား ခြောက်သွေ့ရင် ဗောက်တွေလည်း ထလာနိုင်ပါသေးတယ်။ ဆံပင်ကျွတ်တာနဲ့ အရောင်မွဲခြောက်ခြောက် ဖြစ်တာတွေလည်း ဖြစ်စေနိုင်တာမို့ တတ်နိုင်သမျှ ရေပူနဲ့ ခေါင်းမလျှော်ပါနဲ့။

ဆံပင်ရေသုတ်ရင်

ဆံပင်ရေသုတ်ရင် ပွတ်တိုက်ပြီး သုတ်တာမျိုး လျှော့ပါ။ သဘက်နဲ့ ရေစုပ်အောင် ဆုပ်ပြီး သုတ်တာမျိုး လုပ်ပါ။ ဆံပင်ရေသုတ်တဲ့အခါ အတင်းချေပစ်ပြီး ပွတ်တိုက်သုတ်တာက ဆံပင်တွေကို ကျိုးကြေစေပြီး ဆံသားသန်မာတာတွေ မဖြစ်စေတော့ပါဘူး။ ဒါဆို ပိုးသားဆံနွယ်လေး ဘယ်ဖြစ်တော့မလဲနော်။

ဆံပင်ရေသုတ်ရင် (photo : dailyvanity.sg)

နေရောင်ခြည်ဒဏ်

ခုနောက်ပိုင်းထွက်တဲ့ ဆံပင်လိမ်းအဆီတွေမှာ နေရောင်ခြည်ဒဏ်ကို ခံနိုင်တဲ့ SPF တွေပါပါတယ်။ အဲဒီလို ပစ္စည်းတွေ ရှာလိမ်းပါ။ ဆံသားနဲ့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာကလည်း ခြောက်သွေ့ပြီး ပျက်စီးစေတယ်လေ။ Moisture ဖြစ်စေမယ့် အဆီတစ်ခုခု လိမ်းဖို့ မမေ့ပါနဲ့။

ရှားစောင်းလတ်ပပ်

ဆံသားလေးတွေ ပျော့ပျောင်းဖို့အတွက် ရှားစောင်းလတ်ပပ်က ကူညီပေးနိုင်တယ်နော်။ ရှားစောင်းလတ်ပပ်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်က ဆံသားတွေ ကြီးထွားဖို့နဲ့ ဆံသားအရောင် မွဲခြောက်ခြောက် ဖြစ်စေမှုကို သက်သာစေနိုင်တယ်လေ။ ဒါကြောင့် ရှားစောင်းလတ်ပပ် အတွင်းသားကို ဆံသားမှာ ခေါင်းမလျှော်ခင် နာရီဝက် အလိုကတည်းက လိမ်းထားပေးပါ။ နည်းနည်းတော့ ချွဲကျိကျိ ဖြစ်နိုင်ပေမယ့် သည်းခံပေးနော်။ ပြီးရင်တော့ ရေအေးနဲ့ပဲ ခေါင်းလျှော်ပါ။

ခေါင်းဘီ(photo: pamper.my)

ခေါင်းဘီး

ဆံသားလေးတွေ ကောင်းနေဖို့ဆိုတာ သုံးတဲ့ ခေါင်းဘီးနဲ့လည်း ဆိုင်ပါတယ်။ ခေါင်းဘီး အသွားစိပ် ကျဲကျဲနဲ့ ဖြီးတာက ပိုပြီးတော့ ကောင်းပါတယ်နော်။ ဖြီးတဲ့အခါမှာလည်း ညင်ညင်သာသာ ဖြစ်အောင် ဖြီးပါ။ မဟုတ်ရင် ကျိုးကြေတာ၊ အမြစ်တွေကို ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဆံပင်မသန်တော့ဘူးလေ။

ခေါင်းခဏခဏ မလျှော်ပါနဲ့

ပိုးသားလေးလို ပျော့ပျောင်းတဲ့ ဆံကေသာ ပိုင်ဆိုင်ချင်ရင်တော့ ခေါင်းခဏခဏ လျှော်တဲ့အကျင့်ကို ဖျောက်ဖို့ လိုပါတယ်။ ခေါင်းခဏခဏ လျှော်မယ်ဆိုရင် ဦးရေပြား ခြောက်တာ၊ ဆံသားတွေမှာ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့ခွင့် ပိုများပြီး ထင်သလောက် မပျော့ပျောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်မှာ အဆီတွေ ခမ်းခြောက်လာရင် ဆံသားအရောင်တွေလည်း မွဲလာမှာပါ။ ဒါကြောင့်ခေါင်းခဏခဏ မလျှော်ပါနဲ့။

 

Comments

0 comments
Advertisement