Advertisement

 ကိုယ်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးဖြစ်ပြီး အကြိုက်ဆုံးရေမွှေးဖြစ်ဖို့ ရွေးချယ်တဲ့အခါ သတိထားရမှာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ အားလုံးပဲ မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့လေး ပိုင်ဆိုင်နိုင်ပါစေ။

ခန္ဓာကိုယ်မှာ မွှေးရနံ့လေး ရနေတာကို ကြိုက်တယ်မလား။ မွှေးရနံ့ သင်းသင်းလေးကို ကိုယ်တိုင်လည်း ကြိုက်သလို သူများဆီက ရရင်လည်း သဘောကျတယ်မလား။ မွှေးရနံ့ သင်းသင်းလေးဖြစ်ဖို့ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့လေးလည်း လိုသလို ရေမွှေးလည်း လိုပါတယ်။ ရေမွှေးဆိုတာလည်း သူ့ရဲ့ မူရင်းအနံ့က ကိုယ့်ရဲ့ ကိုယ်ရနံ့နဲ့ ပေါင်းပြီး နောက်အနံ့တစ်မျိုးအဖြစ် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးရွေးနိုင်ဖို့ လိုတယ်နော်။

ကိုယ်ကြိုက်တတ်တဲ့ ရေမွှေးအနံ့

ကိုယ့်စိတ်ထဲမှာ ကြိုက်တတ်တဲ့ ရေမွှေးအနံ့ ရှိတယ်မလား။ ရေမွှေးရွေးတဲ့အခါ ကိုယ်ကိုယ်တိုင် အနံ့ကို ကြိုက်ဖို့လိုပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့ ရေမွှေးက ဘယ်လိုပုံစံမျိုးလဲပေ့ါ။ တချို့က အနံ့သင်းတာကို ကြိုက်ပြီး တချို့ စူးရှရှ၊ အီတတ်တဲ့အနံ့တွေကို ကြိုက်ကြပါတယ်။ ဘယ်လိုအနံ့ ကြိုက်သလဲဆိုတာ သေချာသိပါစေနော်။

(photo: freepik)

ရွေးတဲ့အခါ

ရေမွှေးရွေးတဲ့အခါ သူများသုံးလို့ ကိုယ်ကလိုက်ရွေးချယ်စရာ မလိုပါဘူးနော်။ ရေမွှေးဆိုတာမျိုးက ကိုယ်ရဲ့ ကိုယ်သင်းရနံ့နဲ့ ပေါင်းစပ်တတ်တာမို့ သူနဲ့ အဆင်ပြေလည်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ဒီတော့ ပထမဆုံးအချက်အနေနဲ့ သူများကြိုက်တိုင်း ကိုယ်လိုက်မကြိုက်ပါနဲ့။

Brand

နောက်တစ်ခုကတော့ ရေမွှေးရွေးတဲ့အခါ အနံ့အပြင် Brand ကိုလည်း သေချာရွေးဖို့ လိုပါတယ်။ ဈေးကြီးကြီးတွေ မဖြစ်မနေ ဝယ်သုံးရမယ်လို့ မဆိုလိုပေမယ့် အရမ်းဈေးနည်းတဲ့ ရေမွှေးတွေတော့ မရွေးချယ်တာ အကောင်းဆုံးပါပဲ။ Quality ကိုလည်း သတိထား ရွေးချယ်ရပါမယ်။ Quality ကောင်းမှလည်း ရေမွှေးက အကြာကြီးခံတာ၊ အနံ့က ကောင်းတာမျိုး ဖြစ်မှာပါ။

(photo: freepik)

စမ်းသပ်တဲ့အခါ

ရေမွှေးဝယ်ပြီဆိုရင် ကိုယ်တခါမှ မသုံးဖူးတာကို အနံ့မစမ်းဘဲ ဝယ်ချလိုက်တာမျိုး၊ မှာလိုက်တာမျိုး မလုပ်ပါနဲ့နော်။ ဥပမာ- Green tea ပဲဆိုပါတော့ ကိုယ်က Green tea ကြိုက်လို့ Green tea နံ့ထွက်မှာပဲလို့ ထင်ပေမယ့် တကယ်တမ်းမှာ ကိုယ်ကြိုက်တဲ့ အနံ့မရတာမျိုး ဖြစ်တတ်ပါတယ်။ မကြိုက်တာကြီးကို ဆွတ်ရင်လည်း တစ်နေကုန် စိတ်ထဲကြည်လင်နေမှာ မဟုတ်ဘူးလေ။

စမ်းသပ်တဲ့အခါမှာလည်း ရေမွှေးတွေကို များများ စမ်းသပ်ပါ။ ရေမွှေးဆိုင် အများစုမှာ Tester ရှိတာမို့ ကိုယ့်ရဲ့ လည်ပင်း၊ လက်ဖျံလို နေရာမျိုးတွေမှာ အရင်ဆုံး စမ်းဆွတ်ပါ။ အချိန်ကြာကြာလေး ထားတဲ့အထိ ကြိုက်နေတယ်ဆိုမှ ဝယ်သင့်ပါတယ်။ ဒီတော့ မဝယ်ခင်မှာ တစ်ရက်လောက် အစမ်းသွားဆွတ်ကြည့်ပါ။ အစမ်းသွားစမ်းသပ်တဲ့အခါမှာလည်း ကိုယ့်ဆီမှာ ရေမွှေးဆွတ်ထားတာမျိုး အနံ့တစ်ခုခု မရှိနေပါစေနဲ့နော်။ ဒါမှ ကိုယ်တစ်ကိုယ်ဝယ်မယ့် ရေမွှေးရဲ့ အနံ့ကို သေချာ သိနိုင်မှာပါ။ ရေမွှေးနံ့က ကြာကြာခံလား၊ ကိုယ့်ခန္ဓာကိုယ်က ကိုယ်သင်းအနံ့နဲ့ ပေါင်းသွားပြီးနောက် ထွက်လာတဲ့ အနံ့ကိုရော ကြိုက်လာဆိုတာမျိုး သေချာကိုယ်တိုင်စမ်းစစ်ပါ။ သေချာပြီဆိုမှ ဝယ်ပါ။ ဒါဆိုရင် ကိုယ်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးကို ရရှိမှာပါ။

 

Tags: accessoriesperfume

Comments

0 comments