Advertisement

ဆံပင်အရောင်ဆိုးထားတဲ့ ချစ်တို့ရေ ဒါလေးတွေလိုက်နာဖို့ မမေ့နဲ့နော်။

ဆံပင်အရောင်ဆိုးတာက မိန်းကလေးတော်တော်များများ လုပ်ကြတာပါပဲ။ ခေတ်မီဆန်းသစ်ပြီး ကိုယ့်ကို အသွင်တစ်မျိုး ပြောင်းစေတာမို့ ဆံပင်အရောင်ဆိုးတာကိုလည်း ကြိုက်ကြတာလေနော်။ ဒါပေမယ့် ပြဿနာတစ်ခုက ဆံပင်အရောင်ဆိုးပြီးရင် ဆံသားပျက်စီးတာ၊ ဆံပင်အရောင် လွင့်ပြယ်လွင်တာတွေပါပဲ။ ခဏခဏ အရောင်တွေ ဆိုးချင်ပြောင်းချင်တဲ့သူဆိုရင် ပိုဂရုစိုက်ဖို့ လိုတယ်နော်။ ဆံပင်အရောင်ဆိုးပြီးနောက်မှာ ဆံသားတွေ မပျက်စီးချင်ဘူး အရောင်ခဏလေးနဲ့ ပြန်ပြယ်သွားတာမျိုး မဖြစ်ချင်ရင်တော့ ဂရုစိုက်ရမှာ ရှိတယ်နော် ချစ်တို့ရေ….။

ဆံပင်အရောင်ဆိုးပြီး (၃) ရက်မှ ခေါင်းလျှော်ပါ

ဆံပင်အရောင်ဆိုးပြီးနောက် ဆံသားတွေ မပျက်စီးချင်ဘူး၊ ဆံပင်အရောင်ဆိုးထားတာတွေ အရောင်မဖျော့ချင်ဘူးဆိုရင် ခေါင်းလျှော်တဲ့အခါ ဂရုစိုက်ဖို့ လိုတယ်နော်။ ဆံပင်အရောင်ဆိုးပြီးတဲ့ရက်ကနေ နောက်(၃) ရက်လောက်ထိ စောင့်ပြီးမှ ခေါင်းလျှော်ပါ။ ဆိုးပြီးနောက်နေ့ ခေါင်းလျှော်လိုက်ရင် ဆေးသားမခိုင်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။

Conditioner

ဆံပင်အရောင်လှလှလေးဆိုးထားတယ်ဆိုရင်တော့ ခေါင်းလျှော်တဲ့အခါတိုင်း Conditioner ကောင်းကောင်း သုံးပေးဖို့ မမေ့နဲ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆံပင်အရောင်ဆိုးတဲ့အခါ ဓါတုပစ္စည်းတွေ ပါတာပဲလေနော်။  အဲဒီအတွက် ဆံသားပျက်စီးတာတွေ ဖြစ်တတ်တာမို့ ကာကွယ်ပေးနိုင်မယ့် Conditioner သုံးတာမျိုး လုပ်ပေးပါ။

ရေပူနဲ့ မလျှော်ပါနဲ့

ချစ်တို့ရေ ဆံပင်အရောင်ဆိုးထားတယ်ဆိုရင် ခေါင်းလျှော်တဲ့အခါ ရေရဲ့ အပူချိန်ကိုလည်း သတိထားဖို့ လိုတယ်နော်။ ရေပူနဲ့ လျှော်တာက ဆံသားရဲ့ အစိုဓါတ်ကို လျော့စေတဲ့အပြင် အရောင်တွေ ပြယ်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ဒါကြောင့် ကိုယ့်ဆံပင် ဆံသားအဆီလေးတွေရှိပြီး အရောင်ကြာကြာခံချင်ရင်တော့ ရေပူနဲ့ မလျှော်ပါနဲ့။

(photo: medicalnewstoday.com)

နေ့တိုင်းခေါင်းမလျှော်ပါနဲ့

ဒါကတော့ ဆံပင်တိုတဲ့ ချစ်တို့ လုပ်နေကျ ဖြစ်မှာပါ။ ဆံပင်တိုတာပဲလေဆိုပြီး ခဏခဏ ခေါင်းလျှော်တာမျိုးပါ။ ဒါက အရောင်ကျဖို့ လွယ်စေသလို ခေါင်းလျှော်ရည်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေက ဆံသားကို ထိခိုက်စေနိုင်တယ်လေ။ နေ့တိုင်းခေါင်းလျှော်တာမျိုး မလုပ်ဘဲ Dry Shampoo လေးသုံးပါ။

(photo: medicalnewstoday.com)

နေရောင်ခြည်ထိတာ

ချစ်တို့ရေ ကိုယ့်ရဲ့ဆံသားတွေ မထိခိုက်စေချင်ဘူး၊ ဆံပင်အရောင် မှိန်သွားတာ မလိုချင်ဘူးဆိုရင် နေပူနဲ့ ဆံပင်တိုက်ရိုက်ထိတွေ့စေတာမျိုး ရှောင်ပါ။ နေရောင်ခြည်ထိတာက ဆံသားတွေ ကြွပ်ဆတ်ပြီး အစိုဓါတ်လျော့နေစေတာမို့ ဆံသားပျက်စီးစေနိုင်ပါတယ်။

 

Tags: beauty tiphair careTips

Comments

0 comments