Advertisement

 ရေမွှေးဆွတ်ပြီးနောက် ကြာကြာလေး အနံ့ရချင်တယ်ဆိုရင်တော့ အခု ပြောပြထားတဲ့ နည်းလမ်းလေးတွေအတိုင်း ဆောင်ပြီးရှောင်ပြီး ဆွတ်နော်။  

ကိုယ့်ရဲ့ ကိုယ်သင်းရနံ့လေး အမြဲတမ်း မွှေးကြိုင်နေတာမျိုး လိုချင်တယ်မလား။ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါလည်း ကိုယ့်ဆီကနေ ကိုယ်သင်းရနံ့လေး ကောင်းကောင်းရနေတယ်ဆိုရင် ယုံကြည်ချက် ရှိတာပေါ့။ မဟုတ်ရင် အနံ့ဆိုးထွက်နေမလားဆိုပြီး စိတ်ပူနေရမယ်လေ။ အချိန်တိုင်း ကိုယ်သင်းရနံ့ ရဖို့အတွက် တချို့က ရေမွှေး သုံးကြပါတယ်။ ရေမွှေးဆွတ်ထားပေမယ့်လည်း ကြာကြာမခံရင် ဘာမှမထူးဘူးလေ။ ဒီတော့ ရေမွှေးဆွတ်ထားပြီး အနံ့ကြာကြာခံအောင် ဘယ်လိုပုံစံနဲ့ဆွတ်လို့ရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။

အဝတ်အစားပေါ် မဆွတ်ပါနဲ့

အဝတ်အစားပေါ်မှာ ရေမွှေးဆွတ်တာမျိုး မလုပ်ပါနဲ့။ အဝတ်အစားတွေပေါ်မှာ ဆွတ်မယ်ဆိုရင် အနံ့ ကြာရှည်မခံနိုင်ပါဘူး။ အဝတ်အစားပေါ် ဆွတ်တာက အစွန်းအထင်း ဖြစ်စေနိုင်သလို အနံ့လည်း ခပ်လွယ်လွယ် ပြယ်စေပါတယ်။

အသားအရေပေါ် ဆွတ်ပါ

ရေမွှေးအနံ့ ကြာကြာခံနိုင်ဖို့အတွက် အဝတ်အစားတွေအပေါ် မဆွတ်ဘဲ အသားအရေပေါ်သာ ဆွတ်ပါ။ လက်ကောက်ဝတ်၊ လည်ပင်းနားလေးတွေကို ဆွတ်တာက ပိုပြီး အဆင်ပြေပါတယ်။ ဆွတ်တဲ့အခါ အသားအရေက ခြောက်သွေ့နေဖို့လည်း လိုတယ်နော်။ ဒါက အနံ့ပိုစွဲစေတာမို့ အသားအရေပေါ် ဆွတ်ပါ။

ရေမွှေးထားတဲ့နေရာ

ရေမွှေးဆွတ်တဲ့အခါ အနံ့ကြာကြာ ခံနိုင်ဖို့ဆိုရင် ရေမွှေးထားတဲ့နေရာကိုလည်း သတိပြုဖို့ လိုပါတယ်။ ရေမွှေးထားတဲ့ နေရာက အပူချိန်တသမတ်တည်းရှိပြီး မှောင်တဲ့နေရာမှာ ထားပါ။ ရေချိုးခန်းလိုမျိုး အပူအအေး တလှည့်စီ ဖြစ်နေတဲ့ နေရာတွေမှာ မထားပါနဲ့။ ရေမွှေးနံ့ မပြယ်စေဖို့ ဗူးထဲမှာ သေချာသိမ်းထားတာမျိုးလည်း လုပ်ပါ။ ဒါမှ ဆွတ်လိုက်တဲ့အခါ အနံ့ မပြယ်နေတာမျိုး ဖြစ်နေမှာပါ။

ရေမွှေးဆွတ်ပြီးရင် မပွတ်ပစ်ပါနဲ့

တချို့က ရေမွှေးဆွတ်ပြီးရင် လက်နဲ့ ပွတ်ပစ်တာမျိုး ရှိတတ်ကြတယ်နော်။ လက်ကောက်ဝတ်မှာ ဆွတ်တယ်ဆိုရင် လက်ကောက်ဝတ်အချင်းချင်း ပွတ်ပစ်တာ၊ လည်ပင်းဆိုရင်လည်း ဆွတ်ပြီးရင် လက်နဲ့ ပွတ်ပစ်တာမျိုး လုပ်တယ်လေ။ အဲဒီလို လုပ်တာက ရေမွှေးအနံ့ အမြန်ဆုံးပြယ်စေနိုင်တဲ့ နည်းလမ်းပါ။ ဒါကြောင့် ရေမွှေးဆွတ်ပြီးရင် မပွတ်ပစ်ဘဲ အသားအရေပေါ်မှာ သူ့ဘာသာ ခြောက်သွားပါစေ။

(photo: daily mirror)

အများကြီး မဆွတ်ပါနဲ့

ကိုယ်ပေါ်မှာ ဆွတ်ထားတဲ့ ရေမွှေးအနံ့ ကြာရှည်ချင်တယ်ဆိုရင် အများကြီး တစ်ခါတည်း ဆွတ်တာမျိုး မလုပ်ပါနဲ့နော်။ အဲဒီလို အများကြီး ဆွတ်ထားတာက အနံ့တွေပိုအီတောက်စေပြီး ကိုယ်လိုချင်တဲ့အနံ့ မရတော့ပါဘူး။ နောက်တခုကတော့ ရေမွှေးနှစ်မျိုးသုံးမျိုး တစ်ခါတည်း ဆွတ်တာပါ။ အဲဒါကလည်း အနံ့တွေ ရောထွေးပြီး ကောင်းမွန်တဲ့ အနံ့ထွက်မလာတော့တဲ့အပြင် ကြာရှည်လည်း မခံပါဘူး။

 

Tags: accessoriesbeautyperfume

Comments

0 comments