ပိတ်ရက်မှာ ကိုယ့်ရဲ့ အလှအပကို ပိုပြီး ဂရုစိုက်သင့်တယ်မလားနော်။ အလှအပထဲမှာ ဆံပင်လည်း ပါတာမလို့ အချိန်ရတုန်းလေး ဆံပင်ကို ပေါင်းတင်ရအောင်။ ခုက ဆံပင်ဆိုင်တွေလည်း ပိတ်ထားတယ်ဆိုတော့ ကိုယ့်အိမ်မှာပဲ လွယ်လွယ်ကူကူ ပေါင်းတင်ကြည့်ရအောင်လေနော်။
ဆံသားခြောက်သွေတဲ့သူတွေအတွက် ပေါင်းတင်နည်း
ဆံသားခြောက်တာကတော့ ချစ်တို့အများဆုံး ကြုံတွေ့ရတဲ့ ဆံပင်ပြဿနာပါပဲ။ ဘာလို့ဆိုတော့ နေပူထဲ ထွက်တာနဲ့ သုံးတဲ့ ပစ္စည်းတွေကြောင့် ဆံသားမှာ အစိုဓါတ်နည်းပြီး ခြောက်တာတွေ ဖြစ်တတ်ကြတာလေ။ ဒီတော့ ဆံသားခြောက်ခြောက်ကြီး မဖြစ်နေဖို့ ပေါင်းတင်ရမှာပေါ့။ နည်းလမ်းကလည်း အရမ်းကို လွယ်ကူပါတယ်။ ချစ်တို့ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ ဦးရေပြားရော ဆံသားမှာပါ အုန်းဆီလိမ်းထားပါ။ စိုစိုရွဲရွဲလေး ဖြစ်တဲ့အထိ လိမ်းထားပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ တစ်ပတ် (၂) ကြိမ်လောက်ဆိုရင်တောင် သိသာလာမှာမလို့ ချစ်တို့ ဒီပိတ်ရက်မှာ ကြိုးစားသင့်တယ်နော်။
ဆံသားကောက်တဲ့သူတွေအတွက် ပေါင်းတင်နည်း
ဆံသားကောက်ထားတယ်၊ ဆံသားကောက်တယ်ဆိုရင် ကိုယ့်ဆံသားအတွက် ပေါင်းတင်လို့ရမယ့် နည်းကတော့ သံလွင်ဆီ၊ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းဆီ၊ ငှက်ပျောသီးမှည့် လက်နှစ်ဆစ်လောက်နဲ့ သံပုရာရည်တစ်စက်လောက် ထည့်ပြီး ရောမွှေလိုက်ပါ။ ချစ်တို့ ခေါင်းမလျှော်သေးခင် နာရီဝက်လောက် ဆံသားမှာ လိမ်းထားပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။
ဆံပင်ပါးခြင်းအတွက် ပေါင်းတင်နည်း
ကိုယ့်ဆံပင်က ပါးနေလို့ ပေါင်းတင်ချင်တယ်ဆိုရင်တော့ ကြက်ဥအနှစ်(၂) လုံးနဲ့ ငှက်ပျောသီးမှည့် တစ်ပိုင်းကို သေချာကြိတ်ချေပါ။ ပြီးရင် ပျားရည်လက်ဖက်စားဇွန်းလေး (၂) ဇွန်း ထပ်ထည့်ပါ။ ခေါင်းမလျှော်ခင် ဆံသားအနှံ့လိမ်းပြီး နာရီဝက်လောက် ထားထားပါ။ နာရီဝက်လောက်ကြာမှ ခေါင်းလျှော်ပါ။ ဒါဆိုရင်တော့ ချစ်တို့ ဆံပင်ပါးတာ သက်သာမှာပါ။ ပိတ်ရက်ဆိုတော့ အေးအေးဆေးဆေး ပေါင်းတင်ထားဖို့ အချိန်ရတာပေါ့။
ပိတ်ရက်မှာ ဆံသားအမျိုးမျိုးအတွက် ပေါင်းတင်နည်းလေးတွေ ကြည့်ပြီး ပေါင်းတင်လို့ရပြီနော်။ နောက်နေ့ အလုပ်သွားရင် ကျော့မော့နေတဲ့ ဆံကေသာလေးနဲ့ သွားလိုက်တော့နော်။
Comments