Advertisement

 ကြက်ဥတစ်လုံးတည်းနဲ့ အလှအပဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလို့ရပြီနော်။ အချိန်ကုန်သက်သာပြီး စရိတ်လည်း နည်းတာမို့ လိုက်လုပ်ကြည့်ပါဦး။

မိန်းကလေးတိုင်း အလှအပ ကြိုက်ကြပါတယ်နော်။ နည်းနည်း ပြင်ဆင်တာနဲ့ များများပြင်ဆင်တာပဲ ကွာတာပါ။ တချို့ကကျတော့ လှလှပပလေး ဖြစ်ဖို့ အချိန်ပေး ပြင်ဆင်ရမှာ ပျင်းတယ်လေ။ နောက်ပြီး ကုန်ကျစရိတ်ကလည်း ရှိတယ်မလား။ ဒီလိုဆိုရင်တော့ ကုန်ကျစရိတ် သက်သာပြီး အချိန်နည်းနည်းပဲ ပေးရမယ့် နည်းလမ်းတွေနဲ့ လှအောင် လုပ်ဖို့ လိုလာပါပြီ။ အကုန်အကျ သက်သာပြီး အလှအပအတွက် အသုံးဝင်တာကတော့ ကြက်ဥပါ။ ကြက်ဥကို အလှအပအတွက် အသုံးချလို့ ရမယ့် အချက်တွေ ပြောပြပေးမယ်နော်။

ချွေးပေါက်ကျယ်တာတွေ သက်သာအောင်

(photo: colorescience.com)

မျက်နှာမှာ ချွေးပေါက်ကျယ်ကျယ်ကြီးတွေ ဖြစ်နေပြီလား။ ချွေးပေါက်ကျယ်တာတွေ ကျဉ်းစေဖို့အတွက် ကြက်ဥကို သုံးလို့ ရတယ်နော်။ ညအိပ်ရာမဝင်ခင် ကြက်ဥအနှစ်ကို သံလွင် (၂) စက်လောက် ရောပီး မျက်နှာပေါ်မှာ သုတ်လိမ်းပါ။ (၁၀) မိနစ်လောက်နေရင် ခြောက်သွားပါလိမ့်မယ်။ အဲဒီအခါမှ မျက်နှာသစ်ပါ။ နောက်ပြီးရင်တော့ Moisture တစ်ခုခု လိမ်းပေးဖို့ မမေ့နဲ့နော်။

ဆံပင်နှစ်ခွ

(photo; laopinion.com)

ဆံပင်နှစ်ခွ ဖြစ်တာကလည်း စိတ်ညစ်စရာ ကောင်းတဲ့အချက်ပါပဲ။ ဆံပင်ကောင်းကောင်း ဆက်မရှည်လာတော့ဘဲ အရောင်မွဲခြောက်ပြီး အဖျားမှာ ပျက်စီးနေတာမျိုးပေါ့။ ဒါဆိုရင်တော့ ကြက်ဥအနှစ်ကို ပျားရည်၊ သံလွင်ဆီနဲ့ ရောစပ်ပြီး ဆံပင်နှစ်ခွတွေ ရှိတဲ့နေရာမှာ လိမ်းထားပေးပါ။ ခေါင်းမလျှော်ခင် လိမ်းထားပြီး ခြောက်သွားမှ ခေါင်းလျှော်လိုက်ပါ။ ဒါဆိုရင် ဆံပင်နှစ်ခွ ဖြစ်တာတွေ သက်သာလာမှာ  သေချာပါတယ်။

ခဏခဏကျိုးတတ်တဲ့ လက်သည်းအတွက်

(photo: today.com)

လက်သည်းတွေ ခဏခဏကျိုးတယ်၊ ကွဲအက်လွယ်လို့ စိတ်ညစ်နေတယ်ဆိုရင် ကြက်ဥအနှစ်နဲ့ ဖြေရှင်းလို့ ရပြီနော်။ ကြက်ဥကို ပျားရည်လေးနဲ့ ရောစပ်ပြီး လက်သည်းခွံပေါ်မှာ သုတ်လိမ်းထားပါ။ (၁၀) မိနစ်လောက် နေမှ ရေဆေးချပါ။ ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းဓါတ်က လက်သည်းတွေကို သန်မာစေပြီး ပျားရည်မှာ ပါဝင်တဲ့ anti-fungal က လက်သည်းကျန်းမာစေပါတယ်။

အရေးအကြောင်းတွေ သက်သာစေဖို့

(photo: sheknows.com)

အရေးအကြောင်းတွေ သက်သာစေဖို့အတွက်လည်း ကြက်ဥက အသုံးဝင်တယ်နော်။ ကြက်ဥအနှစ်၊ သံလွင်ဆီနဲ့ ငှက်ပျောသီးကို ရောစပ်ပြီး မျက်နှာမှာ သုတ်လိမ်းထားပါ။ (၁၀) မိနစ်လောက် နေမှ ရေအေးအေးနဲ့ မျက်နှာသစ်ပါ။ ကြက်ဥနဲ့ ငှက်ပျောသီးမှာ ပါဝင်တဲ့ Vitamin E၊ B2၊ B3 နဲ့ ဇင့်တွေက အရေးအကြောင်း ဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို သက်သာစေပါတယ်။

 

Tags: beauty tipegg

Comments

0 comments