မင်္ဂလာပွဲလေးမှာ အမှတ်တရလေးတွေ ကျန်နေရစ်ဖို့

by: Sapphire Lay
 0 comments  20 love

ပြန်ကမ်းလေးတွေပေးတဲ့အခါ အလှအပ ပစ္စည်းတွေထက် ဈေးနှုန်းချိုသာပြီး အသုံးဝင်မယ့် ပစ္စည်းလေးတွေကိုသာ ပေးပါနော်။

ပျိုမေလေးတို့ရေ တစ်သက်မှာ တစ်ခါသာ ကျင်းပတဲ့ မင်္ဂလာပွဲလေးမှာ အမှတ်တရလေးတွေ ကျန်နေရစ်စေဖို့ အကြံဥာဏ်လေးတွေ ပေးချင်ပါတယ်နော်။ မင်္ဂလာပွဲကြီး ရောက်ဖို့အဖက်ဖက်ကနေ ကြိုးစားပြင်ဆင်ထားပေမယ့်လည်း ပွဲကြီးပြီးသွားတဲ့အခါ ဘာမှ အမှတ်တရတွေ ကျန်မနေရစ်တာမျိုး မဖြစ်စေဖို့ အောက်မှာ ပြောပြထားတဲ့ နည်းလမ်းလေးတွေကို ဖတ်ကြည့်ပေးပါဦး။

ဖိတ်စာ

ဖိတ်စာလှလှလေးတွေကို အသုံးပြုဖို့ အကြံပေးပါတယ်နော်။ ဖိတ်စာလှလှလေးတွေက ပွဲတက်လာသူတွေကို စိတ်လှုပ်ရှားစေတယ်လေ။ ဖိတ်စာလှလှလေးဆိုတာ ဈေးကြီးတဲ့အရာတွေကို ပြောတာမဟုတ်ပါဘူး။ ဖိတ်လိုက်တဲ့ ဧည့်သည်ကို မင်္ဂလာပွဲ တက်ရောက်လာချင်အောင် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းမျိုးလေးတွေပေါ့နော်။ နောက်သတိထားရမှာက ဖိတ်စာအတွက် စာစီတဲ့အခါမှာပါ။ ဖိတ်စာ စာစီတဲ့အခါ လိုအပ်ချက်တွေ ရှိသွားမယ်ဆိုရင် နှစ်ဖက်ဆွေမျိုးသားချင်းတွေ ပြဿနာဖြစ်သွားနိုင်တယ်လေ။ ဥပမာ ပျိုမေတို့ဘက်က ညီမ ဒါမှမဟုတ် အစ်မကို ထည့်ထားပြီး သတို့သားဖက်က အစ်မ ဒါမှမဟုတ် ညီမကို ထည့်မထားဘူးဆိုရင် ကတောက်ကဆလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဖွင့်မပြောရင်တောင်မှ စိတ်ထဲက မကျေနပ်တာလေးတွေနဲ့ အစိုင်အခဲလေးတွေ ဖြစ်နေပြီပေါ့နော်။ ဧည့်သည်တွေကို ဖိတ်စာဖိတ်တော့မယ်ဆိုရင် နာမည်ပြည့်စုံအောင်ရေးပေးနော်။ နာမည်အပြည့်အစုံဆိုတာ ဖိတ်ကြားမယ့် ဧည့်သည်က ဇနီးမောင်နှံဖြစ်ခဲ့မယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ နာမည်ကို ဖိတ်စာပေါ်မှာ ရေးဖို့ပါ။ နှစ်ယောက်ထဲမှ တစ်ယောက်ရဲ့ နာမည်ကို မေ့နေတယ်ဆိုရင် ဘယ်သူရဲ့ ဇနီး၊ ခင်ပွန်းဆိုပြီး ရေးလို့ရပါတယ်။

ပြန်ကမ်း

ပြန်ကမ်းလေးတွေပေးတဲ့အခါ အလှအပ ပစ္စည်းတွေထက် ဈေးနှုန်းချိုသာပြီး အသုံးဝင်မယ့် ပစ္စည်းလေးတွေကိုသာ ပေးပါနော်။ ဥပမာ ကော်ဖီဖျော်တဲ့ ဇွန်းလေးတွေ၊ လက်ကိုင်ပုဝါ၊ တဘက်၊ စာအုပ်နဲ့ သော့ချိတ် စတာလေးတွေကို ဈေးသက်သက်သာသာ လက်ကမ်းအဖြစ် ပြန်ပေးနိုင်ပါတယ်။

လက်ဖွဲ့

မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ပစ္စည်းတွေကို စီမံခန့်ခွဲရတာလည်း အလုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ တူညီပစ္စည်းတွေ များနေတာတွေက အသစ်စက်စက် ဇနီးမောင်နှံတွေအတွက် အလုပ်ပိုစေပါတယ်။ ငွေသားသီးသန့်လက်ဖွဲ့တာကတော့ လိုအပ်နေရာတွေမှာ အသုံးပြုလို့ရပါတယ်။ ဒါကြောင့် ဖိတ်စာထဲမှာ လက်ဖွဲ့ငွေထည့်ဖို့ စာအိတ်လေးတွေ တပါတည်း ထည့်ပေးလိုက်ပါနော်။ ယနေ့ခေတ်မှာတော့ ဒီလိုမျိုး ဖိတ်စာထဲ စာအိတ်ထည့်တဲ့ ကိစ္စကို ရိုင်းတယ်လို့ မသတ်မှတ်ကြတော့ပါဘူး။ အားလုံးကလည်း နားလည်ပေးကြပါတယ်။ ပစ္စည်းတွေကို တကူးတက သွားဝယ်စရာမလိုတာမို့ ပိုလို့တောင် အဆင်ပြေပါသေးတယ်။

အမှတ်တရလေးတွေ ဖန်တီးမယ်

နိုင်ငံခြား မင်္ဂလာဆောင် ဗီဒီယိုဖိုင်လေးတွေမှာ သတို့သား၊ သတို့သမီးကတာတွေ၊ လက်ကိုင်းပန်းနောက်ပစ်တာတွေ အစရှိတဲ့ ပျော်စရာကိစ္စလေးတွေ ဖန်တီးကြတာကို တွေ့ရပါတယ်။ ဒီလိုဖန်တီးပေးတာက သတို့သား၊ သတို့သမီးလေးတွေသာ အမှတ်တရကျန်နေတာမဟုတ်ပါဘူး။ တက်ရောက်ပြီး ချီးမြင့်ပေးတဲ့ ဧည့်သည်တွေရဲ့ စိတ်ထဲမှာလည်း အမှတ်တရလေးတွေဖြစ်သွားပါတယ်။ မင်္ဂလာပွဲလေးက တစ်ရက်ထဲ ဖြစ်တာမို့ အမှတ်တရလေးတွေကျန်ရှိနေအောင်နဲ့ ဧည့်သည်တွေ ပျော်ရွှင်ဖို့ ပျော်စရာကိစ္စလေးတွေ ဖန်တီးပေးသင့်ပါတယ်။

ပျိုမေတို့ရေ တစ်သက်မှာ တစ်ခါသာ ကျင်းပတဲ့ ချစ်ရသူနဲ့ ရွှေလက်တွဲတဲ့ မင်္ဂလာပွဲမှာ အမှတ်တရလေးတွေနဲ့ တစ်ဘဝလည်း အသက်(၁၂၀) တိုင်သည်အထိ ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

 

 

Comments

0 comments