မင်္ဂလာဆောင်အတွက် သတို့သားတို့ သိထားရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲ တစ်ပွဲ စိတ်ချမ်းချမ်းသာသာနဲ့ အဖက်ဖက်က အဆင်ပြေချင်တယ်ဆိုရင်တော့ သတို့သားလေး တစ်ဦးအနေနဲ့ ဆောင်ရွက်ရမှာတွေကို သေချာ သိထားပေးနော်။

မင်္ဂလာဆောင်တယ်ဆိုတာ သတို့သမီးလေး တစ်ဦးမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူးနော်။ သတို့သားလေးတွေမှာလည်း လုပ်ရမယ့်အချက်တွေ၊ ပြင်ဆင်ရမယ့်အချက်တွေ ရှိပါတယ်။ မင်္ဂလာပွဲနေ့မှာ သိပ်လှနေမယ့် သတို့သမီိးလေးနဲ့ လိုက်ဖက်တဲ့ သတို့သားလေးတစ်ဦး ဖြစ်ဖို့အတွက် ဘာတွေ လုပ်ရမလဲ၊ မင်္ဂလာပွဲအတွက် ဘာတွေ ပြင်ဆင်ရမယ်ဆိုတာ ပြောပြမယ်နော်။

 

သတို့သမီးလေးနဲ့ လိုက်ဖက်စေဖို့

သတို့သမီးလေးနဲ့ လိုက်ဖက်စေဖို့  (photo: novotelbangkoksukhumvit20.com)

ဖိနပ်

သတို့သားလေးတို့ရေ ယောက်ျားလေးတစ်ယောက် ခန့်ငြားဖို့ဆိုတာ ဖိနပ်တစ်ရံက အဓိကပဲလေ။ အနောက်တိုင်းဝတ်စုံပဲဖြစ်ဖြစ်၊ တောင်ရှည်ပုဆိုးနဲ့ပဲ ဖြစ်ဖြစ် ဖိနပ်ကို သေချာလေး သတိထားရပါမယ်။ ရှူးဖိနပ်ဆိုလည်း ပြောင်လက်နေဖို့၊ ခြေညှပ်ကတ္တီပါဖိနပ်ဆိုရင်လည်း ကျောက်တွေ မပြုတ်နေဖို့၊ အရောင်တောက်ပနေဖို့ သတိထားရမှာ ဖြစ်သလို ဖိနပ်စီးတဲ့အခါ မနာအောင်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ သတို့သမီးလေးကလည်း မင်းသမီးလေးလို လှပတဲ့ ဖိနပ်လေး တစ်ရံရွေးထားတယ်ဆိုတာ မမေ့လိုက်နဲ့နော်။

 

ဝတ်စုံ

သတို့သားလေးတို့ အနောက်တိုင်းဝတ်စုံရွေးချယ်ရင်လည်း ကြယ်သီး တစ်လုံးတပ်တာ၊ နှစ်လုံးတပ်တာ ဘယ်ဟာ ကြိုက်လဲ ရွေးချယ်ခိုင်းပါ။ လူငယ်ဆန်ချင်တယ်ဆိုရင်တော့ အနောက်တိုင်းဝတ်စုံအင်္ကျီကို ကြယ်သီးတစ်လုံးတပ်တာ ရွေးချယ်ပါ။ကော်လံမှာလည်း အရွယ်အစား အမျိုးမျိုး ရှိတာမို့ သတို့သားအကြိုက်ကို ဦးစားပေးပါနော်။ ဆိုင်က ကိုက်ညီတာကိုပဲ ရွေးချယ်တာမျိုး မဟုတ်ဘဲ သတို့သားလေးအကြိုက်ကို သေချာရွေးဖို့ လိုပါတယ်။

မင်္ဂလာပွဲအတွက် ပြင်ဆင်ရမှာတွေ

မင်္ဂလာပွဲအတွက် ပြင်ဆင်ရမှာတွေ (photo: novotelbangkoksukhumvit20.com)

မိဘတွေကြား

ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။ မင်္ဂလာပွဲလေး စီစဉ်တဲ့အခါမှာ သတို့သမီးလေးရဲ့ စိတ်ကူးနဲ့ သတို့သားဘက်က မိဘတွေရဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ အရေးကြီးပါတယ်။ သတို့သမီးလေးကလည်း ကိုယ့်ရဲ့ မင်္ဂလာပွဲမို့ စိတ်တိုင်းကျ စီစဉ်ချင်တယ်၊ သတို့သားမိဘတွေကလည်းသားရှင်မို့ သေချာလေး စီစဉ်ပေးချင်တယ်။ ဒီအခါမှာ အဆင်မပြေတာတွေ ညှိမရတာတွေဖြစ်နိုင်ပါတယ်။ ဒီအချက်ကိုတော့ သတို့သားလေးတို့က ကောင်းအောင် ကိုင်တွယ်ဖြေရှင်းတတ်ဖို့ လိုပါတယ်။ နှစ်ဖက်မိဘကြားမှာ အဆင်ပြေအောင် ညှိနှိုင်းပေးနိုင်ရပါမယ်။ ဒါဟာ သတို့သားတစ်ယောက် စီစဉ်တာဝန်ယူရမယ့် အပိုင်းပါ။

မင်္ဂလာပွဲမှာ ဖွင့်မယ့် သီချင်းကဏ္ဍ

သတို့သားလေးတို့ရေ မင်္ဂလာပွဲမှာ ဖွင့်မယ့် သီချင်းတွေကို ဦးဆောင်ပြီး ရွေးချယ်ပါ။ တီးဝိုင်းငှားမလား၊ မင်္ဂလာတေးဂီတ ဘယ်သူ့ကို ရွေးချယ်မလဲ၊ ဒါမှမဟုတ် အနောက်မှာ အမှတ်တရ video  ပြမယ်ဆိုရင်လည်း ဘယ်လိုစီစဉ်မလဲဆိုတာ သတို့သားလေးတို့ စီစဉ်ပါ။ သတို့သမီးလေးကိုလည်း မေးမြန်းပါ။

မင်္ဂလာပွဲနေ့အတွက် ပြင်ဆင်ရမှာတွေ

မင်္ဂလာပွဲနေ့အတွက် ပြင်ဆင်ရမှာတွေ (photo: novotelbangkoksukhumvit20.com)

မင်္ဂလာပွဲနေ့အတွက်

သတို့သားလေးတို့ မင်္ဂလာပွဲနေ့မှာ မမေ့မလျော့ လုပ်ဆောင်ရမှာက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ပါ။ မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးက စိတ်လှုပ်ရှားနေမှာပါ။ ဒါကို သတို့သားလေးကပါ ရောပြီး စိတ်တွေ လှုပ်ရှားနေမယ်ဆိုရင် အဆင်မပြေပါဘူးနော်။ ဒီတော့ စိတ်ကို တည်တည်ငြိမ်ငြိမ်လေး ထားပြီး စိတ်လျှော့ထားပါ။

သယ်ရမှာတွေ

သတို့သားလေးတို့ မင်္ဂလာပွဲနေ့မှာ ယူသွားရမယ့် ပစ္စည်းတွေကို ညကတည်းက ကြိုတင်ပြီး စုစည်းထားပါ။ ဘယ်ပစ္စည်းကို ဘယ်သူ တာဝန် ယူမယ်ဆိုတာမျိုးပေါ့။ သတို့သားလေးလည်း ဖိနပ်၊ ခေါင်းပေါင်း အစရှိတာတွေ မမေ့ဖို့ သတိထားရပါမယ်။ ကိုယ့်ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပြီး သတို့သမီးလေးရဲ့ပစ္စည်းတွေ မမေ့ဖို့လည်း ဂရုစိုက်ပေးပါနော်။

မင်္ဂလာပွဲ တစ်ပွဲ စိတ်ချမ်းချမ်းသာသာနဲ့ အဖက်ဖက်က အဆင်ပြေချင်တယ်ဆိုရင်တော့ သတို့သားလေး တစ်ဦးအနေနဲ့ ဆောင်ရွက်ရမှာတွေကို သေချာ သိထားပေးနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords