ပန်းကြဲနဲ့ဗန်းကိုင်လေးတို့အတွက် အဝတ်အစား ချုပ်ပုံလေးတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သားနဲ့ သတို့သမီးလေးကတော့ လှပနေပြီး ပွဲအပြင်အဆင်နဲ့ ပံ့ပိုးပေးမယ့်သူတွေက မလှဘူးဆိုရင် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး မဖြစ်နိုင်ပါဘူးနော်။

မင်္ဂလာပွဲ တစ်ပွဲလုံး လှပနေဖို့ဆိုတာ သတို့သားနဲ့ သတို့သမီးပဲ လှနေလို့ မရဘူးလေနော်။ သတို့သားနဲ့ သတို့သမီးလေးကတော့ မထိရက် မတို့ရက်လောက်အောင် လှပနေပြီး ပွဲအပြင်အဆင်နဲ့ သတို့သား၊ သတို့သမီးလေးတို့ကို ပံ့ပိုးပေးမယ့်သူတွေက မလှဘူးဆိုရင် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး မဖြစ်နိုင်ပါဘူးနော်။ ဒီတော့ ပွဲအပြင်အဆင်ရော၊ ပန်းကြဲနဲ့ ဗန်းကိုင်ပေးမယ့်သူတွေအတွက်လည်း ပြည့်စုံလှပအောင် စီစဉ်ရမှာပါ။ သူတို့လေးတွေ လှပဖို့အတွက် ပန်းကြဲနဲ့ ဗန်းကိုင်လေးတို့အတွက် အဝတ်အစား ချုပ်ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

အဖြူနဲ့ ခဲ ရောစပ်ထားတဲ့ အရောင်

သတို့သမီးလေးတို့က အဖြူရောင်မင်္ဂလာဝတ်စုံလေး ဝတ်တယ်ဆိုရင် ဗန်းကိုင်နဲ့ ပန်းကြဲမယ့် မိန်းမပျိုလေးတွေကို အဖြူရောင် တစ်မျိုးတည်း မဟုတ်ဘဲ တခြားအရောင်လေးနဲ့ ရောစပ်ပြီး ဆင်လို့ရပါတယ်။ အဖြူနဲ့ ခဲစပ်ထားတဲ့ ဝတ်စုံလေးဟာဆိုရင်တော့ တခြားဗန်းကိုင်၊ ပန်းကြဲ ဝတ်စုံတွေနဲ့ ကွဲထွက်နေမှာပါ။ ဘာလို့လဲဆိုတော့ ပုံမှန် ရင်ခံ အင်္ကျီကို ဇာ အပါးလေး ထပ်ထားတာမျိုး မဟုတ်ဘဲ သတို့သမီးလေးတို့ထိုင်မသိမ်းဝတ်စုံက ရင်ခံအင်္ကျီပုံစံမျိုး ချုပ်ထားတာပါ။ ဆံထုံးပုံစံလေးနဲ့ အပြင်အဆင်လေးတွေကအစ ပုံစံတမျိုးတည်းဖြစ်အောင် စီစဉ်ထားတာ တွေ့ရမှာပါ။ ထမီမှာလည်း ချိတ်လိုင်းကြီးကို ရွေးချယ်ထားပြီး ပုဝါကိုလည်း ခဲရောင်လေး ရွေးချယ်ထားတာပါ။ ဗန်းကြဲနဲ့ ဗန်းကိုင် သမီးပျိုလေးတွေက မင်္ဂလာပွဲ အခမ်းအနားတစ်ခုလုံးရော၊ သတို့သမီးလေးရဲ့ အလှကိုရော တစ်ထောင့်တစ်နေရာက အကောင်းဆုံး ပံ့ပိုးပေးနေတယ်ဆိုတာ အရမ်းသိသာပါတယ်နော်။

အနီနဲ့အဝါရောင် ရောစပ်မှု

သတို့သမီးလေးက ရွေးချယ်ဝတ်ဆင်တဲ့ မင်္ဂလာ ထိုင်မသိမ်း ဝတ်စုံက အရောင်နှစ်ရောင် ရောစပ်ထားတယ်ဆိုရင် သတို့သမီးလေးနဲ့ လိုက်ဖက်ညီအောင် ပန်းကြဲနဲ့ ဗန်းကိုင်မိန်းမပျိုလေးတွေကိုလည်း နှစ်ရောင်စပ် ဆင်မြန်းပေးသင့်ပါတယ်။ သတို့သမီးလေး ထိုင်မသိမ်းနဲ့ အရောင်တူပြီး ပုံစံကွဲပြားတာမျိုး ချုပ်ထားတာပါ။ သတို့သမီးလေးရဲ့ ဝတ်စုံက ချိတ်လိုင်းတွေ မပါဘဲ  ကျန်တဲ့ မိန်းမပျိုလေးတွေမှာတော့ ချိတ်လှိုင်းတွေကို ချည်ပိုးနဲ့ ရောစပ်ပြီး ချုပ်ထားတာပါ။ ရင်ပြတ်ဒီဇိုင်းကို ဇာအပါးလေး ထပ်ထားတာမို့ ခေတ်မီတဲ့ ဒီဇိုင်းလို့ ပြောလို့ရပါတယ်နော်။ ဒါ့အပြင် လက်အနားကိုလည်း ရိုးရိုးလေး မဟုတ်ဘဲ လက်နားကို အဖတ်အပွင့်လေး လုပ်ထားတာကတော့ လူငယ်ဆန်တဲ့ ဒီဇိုင်းလေးပါပဲ။

Rose Gold ရောင်

သတို့သမီးလေးတို့ အရောင်တူညီပြီး ဒီဇိုင်းခြားနားတဲ့ ပန်းကြဲနဲ့ ဗန်းကိုင် မိန်းမပျိုလေးတွေရဲ့ ဝတ်စုံ ဒီဇိုင်းပါ။ နန်းဆန်တဲ့ဘက်ကို လိုချင်ရင်တော့ ဒီလို ချုပ်ပုံလေးတွေ ရွေးချယ်သင့်ပါတယ်။ အင်္ကျီရဲ့ အနားလေးတွေမှာ နားသတွေမှာ ဝတ်ဆင်တဲ့ အင်္ကျီပုံစံမျိုးလေး ချုပ်ထားတာပါ။ ရှေးဆန်တဲ့ပုံစံလေးကို ရင်ဘတ်မှာတော့ ခုခေတ်စားတဲ့ ရင်ပြတ်ပုံစံလေး ဖန်တီးထားတာ ဖြစ်မှာပါ။ သတို့သမီးလေးရဲ့ မင်္ဂလာဝတ်စုံနဲ့ ကွဲထွက်တဲ့ ချုပ်ပုံမျိုး လိုချင်တယ်ဆိုရင်တော့ ဒီလို ဒီဇိုင်းမျိုးလေး ရွေးချယ်ပါနော်။

ဗန်းကိုင်လေးရဲ့ ပန်းရောင်ဝတ်စုံ

ပန်းရောင်ဆိုတာ မင်္ဂလာရှိတဲ့ အရောင်တရောင်အဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ အရောင်တစ်ရောင်ပါနော်။ ဗန်းကိုင်ရဲ့ အင်္ကျီလေးမှာ ခုခေတ်စားနေတဲ့ ငှက်မွှေးလေးတွေကို ထည့်သွင်းပြီး ချုပ်ထားတာ ဖြစ်ပါတယ်။ ထမီကတော့ ချိတ်လှိုင်းပါတာလေးတွေ ဆင်ထားတာဖြစ်ပြီး အင်္ကျီမှာလည်း ဇာလေးတွေနဲ့ ရောစပ်ထားပါသေးတယ်။ ဒါကတော့ ခေတ်မီတဲ့ ဒီဇိုင်းလေးပါပဲနော်။

သတို့သမီးလေးတို့ရေ ဗန်းကိုင်နဲ့ ပန်းကြဲရဲ့ ဒီဇိုင်းဆိုတာကလည်း သတို့သမီးလေးတို့ စဉ်းစားပေးရတာပဲမလား။ Marryက ချုပ်ပုံဒီဇိုင်းလေးတွေ ဖော်ပြပေးလိုက်တာမို့ သတို့သမီးလေးတို့ ဒီဇိုင်းရွေးတဲ့အခါ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။

From Marry with


Comments

0 comments
Latest video