Advertisement
 စေ့စပ်ပွဲလေး စီစဉ်ကျင်းပတော့မယ်ဆိုရင် ဘယ်အချက်တွေလိုလဲ

စေ့စပ်ပွဲလေး ကျင်းပတော့မယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်လေးတွေ သိပြီးပြီဆိုတော့ ချစ်သူနှစ်ဦး ကြိုတင် တိုင်ပင်ဆွေးနွေးထားလို့ ရပါပြီနော်။ 

ချစ်သူသမီးရည်းစားဘဝကနေ နောက်ထပ်တဆင့် တက်လှမ်းတော့မယ်ဆိုရင် နှစ်ဖက်မိဘတွေ အချင်းချင်း တွေ့ဆုံပြီး စေ့စပ်ပွဲလေး ကျင်းပပြုလုပ်ကြမှာပဲ ဖြစ်ပါတယ်နော်။ ဒီတော့ စေ့စပ်ပွဲလေး ကျင်းပ စီစဉ်တော့မယ်ဆိုရင် ဘယ်အချက်တွေလိုလဲဆိုတာ ကြိုတင်သိထားဖို့ လိုပါတယ်။

စေ့စပ်ပွဲကို အိမ်ကို လုပ်မှာလား

စေ့စပ်ပွဲကို အိမ်မှာပဲ လုပ်မှာလား ဒါမှမဟုတ် ဆိုင်တခုခုမှာ လုပ်မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ်က စေ့စပ်ပွဲကို လူများများလေး ဖိတ်ချင်တယ် အိမ်မှာ အဆင်မပြေဘူးဆိုရင်တော့ ဆိုင်တစ်ခုခုမှာစီစဉ်ရမှာပါ။ ဒါဆိုရင် ဧည့်ခံရေးအတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။

စေ့စပ်ပွဲအတွက် ကုန်ကျစရိတ်

စေ့စပ်ပွဲ ကျင်းပတာက သတို့သမီးလောင်းလေး အိမ်မှာဆိုတော့ ဧည့်ခံရေးနဲ့ ဧည့်သည်တွေအတွက် အကျွေးအမွေး စီစဉ်တာက သမီးရှင်ဘက်ကပဲ အားလုံး စီစဉ်ကြပါတယ်။ အကယ်လို့ အိမ်မှာ မဟုတ်ဘဲ ဆိုင်မှာ ကျင်းပတာမျိုးဆိုရင်တော့ ကုန်ကျစရိတ်က ပိုပြီး ကုန်ကျနိုင်ပါတယ်။ ဒီအခါမှာ စေ့စပ်ပွဲအတွက် ကုန်ကျစရိတ်ကို ဘယ်သူ့ဘက်က ကျခံမလဲဆိုတာ ကြိုတင်ပြီး ဆွေးနွေးထားဖို့ လိုပါတယ်နော်။

စေ့စပ်တောင်းရမ်းတဲ့အခါ

စေ့စပ်တောင်းရမ်းတဲ့အခါ

စေ့စပ်တောင်းရမ်းတဲ့အခါမှာလည်း စုံတွဲလေးတို့ ကြိုတင်ညှိနှိုင်းထားရမှာတွေ ရှိပါသေးတယ်။ တောင်းရမ်းပစ္စည်းထည့်မယ်ဆိုရင် ချစ်သူနှစ်ဦး ကြိုတင်တိုင်ပင်ထားပါ။ သမီးရှင်ဘက်က စေ့စပ်တောင်းရမ်းခြင်းနဲ့ ပတ်သက်တဲ့ အလေ့အထတွေကိုလည်း မေးမြန်းထားပါ။ ဒါမှလည်း အဆင်ပြေမှာပါ။

စေ့စပ်လက်စွပ်ပေးမှာလား (photo: The New York Times)

ဦးဆောင်စကားပြောပေးမယ့်သူ

စေ့စပ်ပွဲ ကျင်းပတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့သူကတော့ ဦးဆောင်ပြီး စကားပြောပေးမယ့် သူပါ။ နှစ်ဖက်မိဘကြားမှာ သြဇာရှိတဲ့သူ ဖြစ်ဖို့လိုပြီး စေ့စပ်ပွဲအတွက် စကားပြောတတ်တဲ့သူမျိုး ဖြစ်လေ ပိုကောင်းလေပါနော်။ နှစ်ဖက်မိဘကြားမှာ အဆင်ပြေအောင် ညှိနှိုင်းပေးပြီး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးမယ့်သူတစ်ဦး သမီးရှင်ဘက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

လက်မှတ်ထိုးပွဲရော ကျင်းပမှာလား

တချို့က လက်မှတ်ထိုးပွဲအတွက် သီးသန့်လုပ်ပေမယ့် တချို့ကတော့ စေ့စပ်ပွဲမှာတင် လက်မှတ်ထိုးတာကို ပေါင်းပြီး လုပ်ကြပါတယ်။ အဲဒီလိုရော လုပ်မလားဆိုတာ ကြိုတင်ဆွေးနွေးထားရမှာ ဖြစ်ပါတယ်။ အကယ်လို့ လက်မှတ်ထိုးပွဲလေးပါ ပါဝင်မယ်ဆိုရင်တော့ ရှေ့နေ ဒါမှမဟုတ် တရားသူကြီး ဖိတ်ကြားထားတာမျိုး လုပ်ရမှာပါ။

စေ့စပ်ပွဲလေး ကျင်းပတော့မယ်ဆိုရင် ပြင်ဆင်ထားရမယ့် အချက်လေးတွေ သိပြီးပြီဆိုတော့ ချစ်သူနှစ်ဦး ကြိုတင် တိုင်ပင်ဆွေးနွေးထားလို့ ရပါပြီနော်။ 

Comments

0 comments