Advertisement

ဒီနှစ် ဝါမဝင်ခင်မှာ စေ့စပ်ပွဲလေး လုပ်ထားပြီး ဝါတွင်းမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားရင်း ဝါထွက်မှ မင်္ဂလာပွဲလေး လုပ်တာမျိုး လုပ်လို့ ရပါတယ်။

စုံတွဲလေးတို့ရေ ဝါမဝင်ခင် စေ့စပ်ပွဲလေး လုပ်တော့မယ်ဆိုရင် နှစ်ဖက်မိဘတွေနဲ့ရော စေ့စပ်ပွဲလေး လုပ်တဲ့နေ့မှာ အဆင်ပြေစေဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနှစ် ဝါမဝင်ခင်မှာ စေ့စပ်ပွဲလေး လုပ်ထားပြီး ဝါတွင်းမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားရင်း ဝါထွက်မှ မင်္ဂလာပွဲလေး လုပ်တာမျိုး လုပ်ထားလို့ ရပါတယ်။ ဒီတော့ စေ့စပ်ပွဲလေးအတွက် ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ သိထားသင့်တယ်နော်။

မိန်းကလေးရှင်ကို အသိပေးခြင်း

မိန်းကလေးရှင်ကို အသိပေးခြင်း

မိန်းကလေးတွေအနေနဲ့ လက်ထပ်မယ့်ကိစ္စကို မိဘတွေဆီ တိုက်ရိုက်မပြောရဲကြပါဘူး။ ဒီလိုဆိုရင်တော့ မိန်းကလေးမိသားစုထဲမှာ သြဇာညောင်းတဲ့ လူကြီးတစ်ယောက်ရှိတယ်ဆိုရင် ယောက်ျားလေးဘက်က အဲဒီလူကြီးကို သွားတွေ့ပြီး သားနဲ့ မေတ္တာမျှနေကြောင်း မိန်းကလေးရှင်ဘက်ကို ပြောပေးဖို့ အကူအညီတောင်းဖို့ လိုပါတယ်။ ကြားလူကနေ မိန်းကလေးရှင်ဘက်ကို ကောင်လေးက ရည်ရည်မွန်မွန်လေး ဖြစ်ကြောင်း၊ မိဘအသိုင်းအဝိုင်းက ဘယ်လိုဖြစ်ကြောင်း ပြောပြရမှာပါ။ ဒီအခါကျမှ မိန်းကလေးရှင်ဘက်က ယောက်ျားလေးဘက်ကို ကြည့်ပြီး သဘောတူတာတွေ ဆုံးဖြတ်ကြမှာပါ။

တောင်းရမ်းခြင်း

စေ့စပ်ပွဲမှာ နှစ်ဖက်မိဘတွေက သတို့သား၊ သတို့သမီးကို ဆုံးမစကားပြောပြီးနောက်မှာ သတို့သား၊ သတို့သမီးလေးတွေက ကန်တော့ကြပါတယ်။ ဒီအချိန်မှာ နှစ်ဖက်မိဘတွေနဲ့ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲ ကျင်းပတဲ့ရက် သတ်မှတ်ကြပြီး သတို့သမီးဘက်က မုန့်တွေနဲ့ ဧည့်ခံတာတွေ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ စေ့စပ်ပွဲမှာ စေ့စပ်လက်စွပ်လဲလှယ်တာမျိုး လုပ်ကြပါတယ်။

သတို့သားလောင်းက ပြင်ဆင်လာရမယ့် အရာတွေကတော့ ရွှေငှက်ပျောသီး(၃) ဖီးလောက်၊ ဒါမှမဟုတ် ရခိုင်ငှက်ပျောသီး (၃) ဖီးလောက် လိုပါတယ်။ ပြီးတော့ အောင်သပြေပန်းတွေကို ငှက်ပျောပွဲမှာ အလှဆင်ပြီး သယ်လာရမှာပါ။ လက်ဖက်အုပ် သယ်လာတာမျိုးဆိုလည်း ရပါတယ်။ တချို့ ဒေသတွေမှာတော့ တောင်းရမ်းငွေသား ထည့်ပါတယ်။ ဒါမှမဟုတ် ပစ္စည်းပေါ့။

တောင်းရမ်းခြင်း (photo: centraltelegraph.com.au)

ဒီအချက်ကတော့ သတို့သားနဲ့ သတို့သမီး ကြိုတင်ပြီး တိုင်ပင်ထားရမှာပါ။ တစ်ခါတည်းပဲ တင်တောင်းတဲ့ပစ္စည်းတွေ ယူလာမှာလား လက်စွပ်ပဲ အပြန်အလှန်လဲပြီး နောက်မှ မင်္ဂလာစရိတ် သတ်မှတ်ကြမှာလားပေါ့။ ဒီမျိုးလေး နှစ်ဦးသားတိုင်ပင်ထားပါ။ သတို့သမီးလောင်းလေးရဲ့ အိမ်ကို ဝင်တဲ့အခါ သတို့သားလောင်းဘက်က ဆွေမျိုးအကြီးအကဲ ဒါမှမဟုတ် အမေက အုန်းပွဲငှက်ပျောပွဲ ရွက်လာပေးရမှာပါ။ ဒါမှ အုန်းပွဲ ငှက်ပျောပွဲနဲ့ တင်တောင်းတာ ဖြစ်မှာပါ။

စကားပြောကောင်းတဲ့သူ

စေ့စပ်ပွဲလေးမှာ ဦးဆောင်ပြီး စကားပြောပေးမယ့် စကားပြောကောင်းတဲ့သူတော့ လိုပါတယ်နော်။ မရင်းနှီးသေးတဲ့ နှစ်ဖက်မိဘတွေဆိုရင် ပိုပြီး ရင်းနှီးစေဖို့အတွက် ဒီလိုဦးဆောင်ပြောပေးမယ့်သူ လိုပါတယ်။ စေ့စပ်ပွဲမှာ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ပျော်ပျော်ရွှင်ရွှင်လေးတွေ ပြောပေးနိုင်မယ့်သူ ကြိုရှာထားပါနော်။

ဝါမဝင်ခင် စေ့စပ်ပွဲလေး ကျင်းပမယ့် စုံတွဲလေးတို့ အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေ သိရှိပြီး ပြင်ဆင်ထားမယ်ဆိုရင် အားလုံး အဆင်ပြေချောမွေ့တဲ့ ပွဲလေး တစ်ပွဲ ဖြစ်မှာပါ။

 

Comments

0 comments