Advertisement

စေ့စပ်ပွဲကို အပြင်တစ်နေရာမှာ လုပ်မယ်ဆိုရင် ဘယ်လိုအချက်တွေ သတိထားဖို့ လိုသလဲဆိုတာ သိထားမှ ဖြစ်မယ်နော်။ ဒါမှ ချစ်တို့ စေ့စပ်ပွဲလေး အဆင်ပြေပြေ ဖြစ်မှာပါ။    

ချစ်တို့ ချစ်သူနှစ်ဦး မေတ္တာမျှနေကြောင်း နှစ်ဖက်မိဘတွေကို အသိပေးတော့မယ်ဆိုရင်စေ့စပ်ပွဲ လုပ်ဖို့ လိုပါတယ်။ ဒီမင်္ဂလာနေ့ရက်မှာ နှစ်ဖက်မိဘကို အပြန်အလှန်ကန်တော့ခြင်း၊ မင်္ဂလာရက်သတ်မှတ်ခြင်းနဲ့ မင်္ဂလာပွဲကို ဘယ်လိုပုံစံလေး လုပ်ဆောင်မယ်ဆိုတာ နှစ်ဖက်မိဘနဲ့အတူ ညှိနှိုင်းကြခြင်းပါ။ ဒီလိုမျိုး စေ့စပ်ပွဲလေးကို အိမ်မှာပဲ ကျင်းပကြတာ ရှိသလို ဆိုင်တဆိုင်မှာ ကျင်းပကြတာလည်း ရှိတဲ့အပြင် ဟိုတယ်မှာ အခမ်းအနားနဲ့ ကျင်းပကြတာလည်း ရှိကြပြန်ပါတယ်။

နေရာ

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတွေက စေ့စပ်ပွဲကို အိမ်မှာမကျင်းပဘဲ စားသောက်ဆိုင် ဒါမှမဟုတ် ဟိုတယ်မှာ ကျင်းပမယ်ဆိုရင် သိထားသင့်တာတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ဖိတ်မယ့်လူဦးရေပါ။ စေ့စပ်ပွဲကို ဘယ်လောက်ကြီးကြီး ချဲ့မလဲဆိုတာ အရင်ဆုံး စဉ်းစားပြီး လူဦးရေတွက်ပါ။ နောက်မှ နေရာစီစဉ်ပါ။ နေရာရပြီဆိုရင် စေ့စပ်ပွဲကို အသိအမှတ်ပြုပေးမယ့် လူကြီးတွေကို ဖိတ်ရမှာပါ။ ဖိတ်တဲ့အခါမှာလည်း ဖိတ်စာတွေ မလိုဘဲ နှစ်ယောက်သား တွေ့ဆုံပြီး စေ့စပ်ပွဲကို တက်ရောက်ပေးဖို့ ပြောကြားပါ။

အစားအသောက်

အစားအစာ စီစဉ်တဲ့အခါမှာ အိမ်မှာလိုမျိုး လက်ဖက်ရည်၊ မုန့်တွေတင် မဟုတ်ဘဲ စားသောက်ဆိုင်တွေမှာတော့ အစားအစာက ပိုပြီး မှာယူရတာမျိုး ရှိနိုင်ပါတယ်။ ဒါကတော့ ရွေးချယ်တဲ့ နေရာခန်းမပေါ် မူတည်ပါတယ်။ နောက်တစ်ခုကတော့ အိမ်မှာစေ့စပ်ပွဲလုပ်တယ်ဆိုရင် အပြောကောင်းတဲ့သူတစ်ယောက် လိုသလို အပြင်မှာ အခမ်းအနားနဲ့ လုပ်မယ်ဆိုရင်တော့ အခမ်းအနားမှူး လိုပါတယ်နော်။ အိမ်မှာထက်ပိုပြီးတော့ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်တဲ့ သဘောပါပဲ။

အပြင်အဆင်

အပြင်အဆင်

အပြင်အဆင်အနေနဲ့ကလည်း

အိမ်မှာထက်ပိုပြီးတော့ ပြင်ဆင်ရမှာပါ။ ပန်းအပြင်အဆင်တွေ လိုပါတယ်။ ခန်းမ နေရာနဲ့ ကိုက်ညီပြီး ပြင်ဆင်ရမှာပါနော်။ ပန်းအပြင်အဆင် မထည့်ချင်ဘူးဆိုရင်တော့ ခန်းမရဲ့အပြင်အဆင် လှပြီးသားကို ရွေးရမှာပါ။ စေ့စပ်ပွဲကို ပွဲထွက်သလို မလုပ်ဘူးဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးပဲ စီစဉ်ထားလို့ ရပါတယ်။ အိမ်မှာ စီစဉ်တာ မဟုတ်ဘူးဆိုရင်တော့ စေ့စပ်ပွဲက ပုံမှန်လူဦးရေ အနည်းဆုံး (၂၀) လောက်တော့ ရှိတတ်ပါတယ်။

ချစ်တို့ရေ စေ့စပ်ပွဲကို အပြင်တစ်နေရာမှာ လုပ်မယ်ဆိုရင် ဘယ်လိုအချက်တွေ သတိထားဖို့ လိုသလဲဆိုတာ သိထားမှ ဖြစ်မယ်နော်။ ဒါမှ ချစ်တို့ စေ့စပ်ပွဲလေး အဆင်ပြေပြေ ဖြစ်မှာပါ။    

Comments

0 comments