စေ့စပ်ပွဲမလုပ်ခင် ရွှေလမ်းငွေလမ်းဖောက်ခြင်း

by: Phyo Pyae Thu
 0 comments  0 love

ချစ်သူကနေ တဆင့်တက်လို့ လက်တွဲကြမယ်လို့ အတိအကျ ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ မိဘတွေဆီ အရင်ဆုံး အကြောင်းကြားတာကနေ အရင်ဆုံး စတင်ရမှာပါ။

ချစ်သူလေးတွေ ဖြစ်ကြလို့ တစ်ယောက်နဲ့တစ်ယောက် လက်တွဲကြတော့မယ်လို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ပြီးရင်တော့ ပိုက်ဆံကြိုစုဖို့ လိုလာပါပြီ။ များသောအားဖြင့်ကတော့ ယောက်ျားလေးဘက်က စုတာများပါတယ်။ နှစ်ယောက်စုမယ်ဆိုလည်း ရပါတယ်။ လက်တွဲကြမယ်လို့ အတိအကျ ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ မိဘတွေဆီ အရင်ဆုံး အကြောင်းကြားတာကနေ အရင်ဆုံး စတင်ရမှာပါ။

ယောက်ျားလေး မိဘတွေကို အသိပေးခြင်း

ယောက်ျားလေးဘက်ကနေ အရင်ဆုံး မိဘတွေဆီ မေတ္တာမျှနေတဲ့မိန်းကလေး ရှိကြောင်း အရင်ဆုံး ပြောပြပြီး တောင်းရမ်းပေးဖို့ ပြောရမှာပါ။ မိဘတွေက မိန်းကလေးဘက်ကို အရင်ဆုံး စုံစမ်းကြမယ်။ ပုံမှန်အားဖြင့်တော့ မိန်းကလေးရဲ့ စိတ်နေစိတ်ထား၊ မိဘအသိုင်းအဝိုင်း အစရှိသလို ကြည့်ကြပါတယ်။ မိဘတွေဘက်က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပြီဆိုရင်တော့ မိန်းကလေးဘက်က မိဘတွေဆီ တောင်းရမ်းဖို့ အရင်ဆုံး နားဖောက်ရတော့မှာပါ။

မိန်းကလေးရှင်ကို အသိပေးခြင်း

မိန်းကလေးတွေအနေနဲ့ လက်ထပ်မယ့်ကိစ္စကို မိဘတွေဆီ တိုက်ရိုက်မပြောရဲကြပါဘူး။ ဒီလိုဆိုရင်တော့ မိန်းကလေးမိသားစုထဲမှာ သြဇာညောင်းတဲ့ လူကြီးတစ်ယောက်ရှိတယ်ဆိုရင် ယောက်ျားလေးဘက်က အဲဒီလူကြီးကို သွားတွေ့ပြီး သားနဲ့ မေတ္တာမျှနေကြောင်း မိန်းကလေးရှင်ဘက်ကို ပြောပေးဖို့ အကူအညီတောင်းဖို့ လိုပါတယ်။ ကြားလူကနေ မိန်းကလေးရှင်ဘက်ကို ကောင်လေးက ရည်ရည်မွန်မွန်လေး ဖြစ်ကြောင်း၊ မိဘအသိုင်းအဝိုင်းက ဘယ်လိုဖြစ်ကြောင်း ပြောပြရမှာပါ။ ဒီအခါကျမှ မိန်းကလေးရှင်ဘက်က ယောက်ျားလေးဘက်ကို ကြည့်ပြီး သဘောတူတာတွေ ဆုံးဖြတ်ကြမှာပါ။

အခုနောက်ပိုင်းမှာတော့ စေ့စပ်ပွဲမှာ စေ့စပ်လက်စွပ် လဲလှယ်တာမျိုး လုပ်ကြပါတယ် (photo: The New York Times)

တောင်းရမ်းခြင်း

ဘယ်ရက်မှာ တောင်းရမ်းစေ့စပ်လို့ ရမလဲဆိုတာ နှစ်ဖက်မိဘတွေ တိုင်ပင်ပြီး နေ့ကောင်းရက်သာ ရွေးကြရမှာပါ။ သဘောတူညီပြီဆိုရင်တော့ တောင်းရမ်းပွဲလေး စလို့ရပါပြီ။ ယောက်ျားလေးဘက်က လူကြီးမိဘစုံရာနဲ့ လာရောက်တောင်းယူရမှာပါ။ တောင်းရမ်းတဲ့အခါမှာ ယောက်ျားလေးဘက်က ရွှေ၊ ငွေ၊ ရတနာတွေနဲ့ တင်တောင်းလေ့ရှိကြပါတယ်။ အများအားဖြင့်တော့ တင်တောင်းတယ်ဆိုတာက သတို့သားဘက်က လက်ဖွဲ့သဘောပါပဲ။ အိမ်ထောင်ကျသွားတဲ့အခါမှာ ငွေအရင်းအနှီးလေးတစ်ခုရအောင် ပေးတဲ့သဘောပါပဲ။

မင်္ဂလာပွဲမှာ မပေးဘဲ စေ့စပ်ပွဲမှာပဲ လက်ဖွဲ့ပေးလိုက်တဲ့ သဘောပေါ့။ ဒီထဲကနေပဲ မင်္ဂလာဆောင်စရိတ် လုပ်ကြတာတွေလည်း ရှိပါတယ်။  သတို့သမီးဘက်က ပမာဏနည်းတယ်လို့ တောင်းဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မယ့် ပမာဏတစ်ခုကို သတ်မှတ်လိုက်ကြတာမျိုးလည်း ရှိပါတယ်။ သတို့သမီးဘက်က အဟောအပြောကောင်းတဲ့ လူကြီးသူမတွေကို ဖိတ်ထားပြီး သတို့သားရဲ့ မိခင်က ကန်တော့ပွဲရွက်လို့ သတို့သမီးအိမ်ကို ဝင်ကြရတာပါပဲ။ ဒါကတော့ ရွှေလမ်းငွေလမ်း ဖောက်တဲ့သဘောပါ။

စေ့စပ်ပွဲ

စေ့စပ်ပွဲမှာ နှစ်ဖက်မိဘတွေက သတို့သား၊ သတို့သမီးကို ဆုံးမစကားပြောပြီးနောက်မှာ သတို့သား၊ သတို့သမီးလေးတွေက ကန်တော့ကြပါတယ်။ ဒီအချိန်မှာ နှစ်ဖက်မိဘတွေနဲ့ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲ ကျင်းပတဲ့ရက် သတ်မှတ်ကြပြီး သတို့သမီးဘက်က မုန့်တွေနဲ့ ဧည့်ခံတာတွေ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ စေ့စပ်ပွဲမှာ စေ့စပ်လက်စွပ် လဲလှယ်တာမျိုး လုပ်ကြပါတယ်။

ဒါကတော့ သတို့သား၊ သတို့သမီးတို့ ချစ်သူဖြစ်ရာကနေစလို့ လက်ထပ်တောင်းရမ်းတဲ့ အဆင့်ဆင့်ပါ။ Marry က သတို့သား၊ သတို့သမီးလေးတွေ ချစ်ခင်နှစ်သက်ပြီး အသက်ထက်ဆုံးလက်ထပ် ပေါင်းသင်းရဖို့ ဆန္ဒပြုလိုက်ပါတယ်နော်။

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords