မြန်မာပြည်မှာ ဘေထုပ်အထည် တည်ရှိလာတာ ရာစုနှစ်တစ်စုကျော်ခဲ့ ပါပြီ။ ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အားလုံးနီးပါးလက်ခံလာတာကတော့ နှစ်နှစ် သုံးနှစ်ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ ကြည့်မြင်တိုင် ဘေထုပ်တန်းကတော့ ရန်ကုန်မြို့မှာရော မြန်မာနိုင်ငံမှာပါ နာမည်ကျော်ကြားတဲ့ နေရာတစ်ခုပါ။
ဘေထုပ်အမျိုးအစားများစွာရှိပါတယ်။ Grade တွေနဲ့ ခွဲခြားထားပြီး ဝင်လာတဲ့နိုင်ငံပေါ်လည်းမူတည်ပါတယ်။ မြန်မာပြည်မှာတော့ ဂျပန်၊ ကိုရီးယား ဘေထုပ်တွေပိုများပါတယ်။ အထည်ကွာလတီပေါ်မူတည်ပြီး စျေးနှုန်းကွာခြားပါတယ်။ တခါတလေ ဘေထုပ်တွေထဲမှာ ကမ္ဘာကျော်တံဆိပ်တွေ ရတတ်ပါတယ်။

ဘေထုပ်အမျိုးအစားများစွာရှိပါတယ် (Photo by Khoi Capital)
ဘေထုပ်အထည် ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
(၁) မတူညီတဲ့ ဖက်ရှင် ရရှိခြင်း
(၂) ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချခြင်း
(၃) ပိုက်ဆံကုန်ကျစရိတ် သက်သာခြင်း
(၄) ကွာလတီကောင်းတဲ့ အထည်တွေ ရရှိခြင်း
(၅) လုပ်အားချွေတာခြင်း

ဘေထုပ်ဝယ်တာက အင်္ကျီအသစ်ဝယ်တာထက် သုံးပုံ နှစ်ပုံလောက်ထိ သက်သာပါတယ် (Photo by CK Travels)
(၁) မတူညီတဲ့ ဖက်ရှင် ရရှိခြင်း
ဘေထုပ်တိုင်းကတော့ နှစ်အဟောင်းတွေ မဟုတ်ကြပါဘူး။ ခေတ်ဟောင်းစတိုင် အဝတ်အထည်တွေလည်းရှိသလို လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က ခေတ်စားခဲ့တဲ့ အနီးဆုံးဖက်ရှင်တွေလည်း ရနိုင်ပါတယ်။ ဘေထုပ်အထည်ကို ဝယ်ယူဝတ်ဆင်သူတွေက မတူညီတဲ့ ဖက်ရှင်တွေကို ခေတ်နဲ့အညီတန်းဝင်အောင် ပြောင်းလဲဝတ်ဆင်ကြပါတယ်။
(၂) ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချခြင်း
အဝတ်အစားအသစ်တွေ ဖန်တီးတဲ့အခါ ဓါတုပစ္စည်းတွေ အသုံးပြုရပါတယ်။ ဒီဓါတုပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဘေထုပ်က အဝတ်အထည်တွေကို recycle သဘောမျိုးဖြစ်ပြီး အဝတ်အထည်အသစ်ပြုလုပ်တာကို လျှော့ချပေးပါတယ်။
(၃) ပိုက်ဆံကုန်ကျစရိတ် သက်သာခြင်း
ဘေထုပ်တွေထဲကနေ နာမည်ကျော်ဘရန်းတွေ ရတတ်ပါတယ်။ ဘေထုပ်ဝယ်တာက အင်္ကျီအသစ်ဝယ်တာထက် သုံးပုံ နှစ်ပုံလောက်ထိ သက်သာပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း လူကြီး လူငယ်မရွေး ဘေထုပ်အထည် သဘောကျလာခြင်း အကြောင်းအရင်းတစ်ခုပါ။
(၄) ကွာလတီကောင်းတဲ့ အထည်တွေ ရရှိခြင်း
ဘေထုပ်ထည်တိုင်း အကောင်းတွေ ချည်းချည်းတော့မဟုတ်ပါဘူး။ ကောင်းတာရော၊ မကောင်းတာပါ ရောထွေးနေပါတယ်။ သေသေချာချာ အချိန်ပေးပြီး ရွေးချယ်ခြင်းဖြင့် ကွာလတီကောင်းတဲ့ အထည်တွေ ရရှိလာမှာပါ။
(၅) လုပ်အားချွေတာခြင်း
အထည်ချုပ်စက်ရုံတွေမှာ လုပ်ခလစာအနည်းငယ်နဲ့ သတ်မှတ်ထားတဲ့ နာရီတွေထက်ပိုပြီး အချိန်ပေါင်းများစွာ နေ့စဥ်အလုပ်လုပ်ရပါတယ်။ အထည်အသစ်တွေ ဝယ်ယူတာ လျှော့ချခြင်းဖြင့် ဒီပြဿနာတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီဖြေရှင်းရာ ရောက်ပါတယ်။
Comments