Advertisement

ဒီအချက်တွေကိုလည်း တက်တူးထိုးပြီးမှ မထိုးမိရင်အကောင်းသားလို့ နောင်တတွေ မရရင်အောင် ဒီအချက်လေးတွေ လက်တို့လိုက်ရပါတယ် ချစ်တို့ရေ…။

ရှေးတုန်းကတော့ လူကြီးတွေမှာ ထိုးကွင်း၊ ဆေးမှင်ကြောင်ဆိုပြီး ရှိခဲ့တယ်မလား။ ခုနောက်ပိုင်းမှာတော့ တက်တူးပေ့ါလေ။ ယောကျာ်းလေးတင်မကဘဲ မိန်းကလေးတွေလည်း တက်တူးထိုးကြပါတယ်။ အကြီးကြီးမဟုတ်ရင်တောင် ကိုယ်ကြိုက်တဲ့ ဒီဇိုင်းသေးသေးလေးတွေ ထိုးတာမျိုးပေ့ါ။ မိန်းကလေးတို့လည်း တက်တူးထိုးကြည့်ရင် ကောင်းမလားလို့ တွေးမိကောင်း တွေးမိကြမှာပါ။ အဲဒီအခါမှာ ဘယ်လိုအချက်တွေကို ထည့်စဉ်းစားရမလဲဆိုတာ ပြောပြမယ်နော်။ သေချာပြီဆိုမှ ထိုးတာ အကောင်းဆုံးပါ။

တကယ်စိတ်ထဲရှိတာလား

တက်တူးကို သူများထိုးထားတာလေး ကြိုက်လို့၊ ထိုးကြည့်လိုက်မယ်ဆိုတဲ့ စိတ်နဲ့တော့ မထိုးလိုက်ပါနဲ့နော်။ နောက်မှ မကြိုက်တော့တာတွေ၊ ထိုးမိလေခြင်းလို့ နောင်တရတာတွေ ဖြစ်တတ်တယ်လေ။ ထိုးပြီးမှ ဖျက်လို့ရတယ်ဆိုပေမယ့် ထင်သလောက်တော့ မလွယ်ဘူးလေ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ သေသေချာချာ တက်တူးထိုးချင်စိတ် ဖြစ်လားဆိုတာ ပြန်စမ်းစစ်ပါ။

ဒီဇိုင်း

တက်တူးထိုးတဲ့အခါမှာလည်း ပြင်ပြီးရင်ပြန်ဖျက်ရ ပြောင်းရမလွယ်ကူတာမို့ ကိုယ်ထိုးမယ့် ဒီဇိုင်းကို သေချာစဉ်းစားဖို့ လိုတယ်နော် မိန်းကလေးတို့ရေ၊ သေးသေးလေး ထိုးချင်တာလား၊ ပန်းပွင့်လား တိရစ္ဆာန်ပုံစံလေးတွေလား၊ ကြယ်တွေ လတွေလား၊ အရုပ်တွေလား အစရှိသလို ဒီဇိုင်းတွေ အများကြီးမှ အများကြီးပါပဲ။ သူများနဲ့ မတူတာမျိုး ထိုးချင်တာလား အစရှိသလို သေချာစဉ်းစားပါနော်။ ဒီဇိုင်းလေး တစ်ခုကို ကြိုက်မိပြီဆိုရင်လည်း အကြာကြီး ဒါကိုပဲ စိတ်ထဲရှိနေပြီး တခြားဘယ်ဒီဇိုင်းကိုမှ ထပ်မကြိုက်တာ သေချာတာမျိုး ရွေးချယ်ပါ။

ဒီဇိုင်း

ဒီဇိုင်း(photo: elenabetchke.com)

 

ခန္ဓာကိုယ်ရဲ့ နေရာ

တက်တူးဆိုတာကလည်း ထိုးလို့ရတဲ့ နေရာတွေအများကြီးပဲနော်။ မိန်းကလေးတို့ရေ နေရာရွေးချယ်ရင်လည်း ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တက်တူးရှိတာ မြင်ရတာကို ကြိုက်လား၊ မကြိုက်လားတွေးပါဦးနော်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ တက်တူးရှိစေချင်တာလဲ သေချာတွေးပါ။ နောက်မှ မိန်းကလေးမို့ အမြင်မတော်လို့၊ တခြားသူတွေကပြောလို့ အလုပ်က မကြိုက်လို့ဆိုပြီး အာရုံတွေ နောက်ရတတ်တယ်လေ။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ နေရာသေချာရွေးပါ။

ခန္ဓာကိုယ်ရဲ့ နေရာ

ခန္ဓာကိုယ်ရဲ့ နေရာ (photo: pintrest)

ထိုးပေးမယ့်သူနဲ့ တိုင်ပင်ပါ

အရောင်၊ အရွယ်အစားတွေကလည်း တက်တူးထိုးဖို့ တွေးရင် ထည့်စဉ်းစားရမယ့် အချက်တွေပဲနော်။ ဒီအချက်တွေကိုတော့ ထိုးပေးမယ့် ပညာရှင်နဲ့ တိုင်ပင်တာ ပိုကောင်းပါတယ်နော်။ တခြားသူတွေကို ထိုးပေးထားတဲ့ ဒီဇိုင်းလေးတွေကိုလည်း ကြည့်ပါ။ သေချာအဆင်ပြေတယ်ဆိုမှသာ ထိုးပါ။ ဒီအချက်တွေပါ ထည့်တွေးနော်။

ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေနိုင်လား

တက်တူးထိုးတာ ကိုယ့်စိတ်ကြိုက်ဆိုပေမယ့်လည်း အလုပ်အကိုင်မှာ အဆင်မပြေတာ မကြိုက်တာ ဒါမှမဟုတ် နိုင်ငံရပ်ခြားကိစ္စတွေအတွက် တက်တူးခွင့်မပြုတာမျိုး ရှိတတ်တယ်လေ။ ဒီအချက်တွေကိုလည်း ရေရှည်အတွက် ကြိုတင်တွေးထားဖို့ လိုတယ်နော်။ ဒါမှသာ တက်တူးထိုးပြီးမှ နောင်တမရမှာ။

တက်တူးထိုးပြီးမှ မထိုးမိရင်အကောင်းသားလို့ နောင်တတွေ မရရင်အောင် ဒီအချက်လေးတွေ လက်တို့လိုက်ရပါတယ် ချစ်တို့ရေ…။

Tags: fashiontattoo

Comments

0 comments