Advertisement

ဝတ်ဆံမှာ အရောင်ရှိတဲ့ တစ်ချို့ပန်းတွေ ဆိုရင်လည်း ဝတ်ဆံကြွေပြီး ထိုင်မသိမ်းတွေမှာ အရောင်စွန်းနိုင်တဲ့အတွက် ဝတ်ဆံတွေ ကြိုပြီး ခြွေထားဖို့ လိုပါတယ်နော်

မင်္ဂလာပွဲမှာ ဘယ်ပန်းတွေသုံးတာ အကောင်းဆုံးဖြစ်မလဲ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲရဲ့ လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက် ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့ မင်္ဂလာပွဲ ပန်းအပြင်အဆင်မှာ ထည့်သွင်းအသုံးပြုတဲ့ ပန်းအမျိုးအစားတွေက အသင့်တော်ဆုံး အမျိုးအစားတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့ သိထားရမယ့် သုံးသင့်တဲ့ ပန်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

သတို့သမီးလေးနဲ့ အလက်ဂျစ် မဖြစ်တဲ့ပန်းကို ရွေးပါ

ပင်လယ်စာတွေ စားမိရင် အလက်ဂျစ်ဖြစ်တဲ့သူတွေ ရှိကြသလို ပန်းဝတ်မှုန်တွေကြောင့် အလက်ဂျစ်ဖြစ်သူ တွေလည်း ရှိပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမှာ သုံးတဲ့ပန်းက သတို့သမီးလေးနဲ့ အလက်ဂျစ်မဖြစ်တဲ့ ပန်းမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လက်ကိုင်ပန်းကို ဂရုစိုက်ရမှာပါ။ များသောအားဖြင့် ပန်းအလက်ဂျစ်တွေဟာ နာချေတာတွေ၊ အသက်ရှူကျပ်တာတွေကို ဖြစ်စေတဲ့အတွက် လက်ကိုင်ပန်းက သတို့သမီးလေးကို အလက်ဂျစ် ဖြစ်စေတယ်ဆိုရင် အဆင်မပြေနိုင်ပါဘူးနော်။ ဒါကြောင့် ပန်းပညာရှင်ကို မအပ်နှံခင်ကတည်းက အလက်ဂျစ် ဖြစ်တဲ့ ပန်းအမျိုးအစားတွေကို ကြိုပြောပြထားပါ။

အနံပြင်းတဲ့ပန်းတွေ ပေါင်းမသုံးပါနဲ့

အနံ့ပြင်းပြီး မွှေးတဲ့ပန်းကို တစ်မျိုးလောက်ပဲ သုံးပြီး ကျန်ပန်းတွေကို အနံ့သိပ်မရှိတဲ့ ပန်းတွေ သုံးသင့်ပါတယ်

မင်္ဂလာပွဲအပြင်အဆင်မှာ ပန်းတွေကို အနည်းဆုံး သုံးမျိုးလောက် သုံးလေ့သုံးထရှိပါတယ်။ အဲ့လို သုံးတဲ့အခါ အနံ့ပြင်းပြီး မွှေးတဲ့ပန်းကို တစ်မျိုးလောက်ပဲ သုံးပြီး ကျန်ပန်းတွေကို အနံ့သိပ်မရှိတဲ့ ပန်းတွေ သုံးသင့်ပါတယ်။ မဟုတ်ဘဲ အနံ့ပြင်းတဲ့ ပန်းတွေချည်း နှစ်မျိုး၊ သုံးမျိုး စုသုံးမိရင် အနံ့တွေကြောင့် မအီမသာ ဖြစ်တာတွေ ခေါင်းမူးတာတွေ ဖြစ်နိုင်ပါတယ်။

ပန်းလေးတွေရဲ့ အန္တရာယ်ကို ကြိုမြင်ပါ

နူးညံ့လှပတဲ့ ပန်းလေးတွေမှာလည်း အန္တရာယ်တွေ ရှိနေတတ်တာ မမေ့ပါနဲ့နော်။ ကျွမ်းကျင်တဲ့ ပန်းပညာရှင်တွေက သိပြီးဖြစ်လို့ သတို့သမီးလေးတို့ မထိခိုက်ရအောင် ဖန်တီးပေးလိုက်မယ် ဆိုပေမယ့် သတို့သမီးလေးကိုယ်တိုင်က ပန်းအလှဆင်ရာမှာ ဝင်ပါမယ် ဆိုရင်တော့ ပန်းလေးတွေရဲ့ အန္တရာယ်ကို ကြိုသတိပြုဖို့ လိုပါတယ်။ ဥပမာ – နှင်းဆီပန်းကို လက်ကိုင်ပန်း အဖြစ် သုံးမယ်ဆိုရင် နှင်းဆီဆူးတွေကို ကြိုပြီး ဖယ်ထားဖို့ လိုသလို ဝတ်ဆံမှာ အရောင်ရှိတဲ့ တစ်ချို့ပန်းတွေ ဆိုရင်လည်း ဝတ်ဆံကြွေပြီး ထိုင်မသိမ်းတွေမှာ အရောင်စွန်းနိုင်တဲ့အတွက် ဝတ်ဆံတွေ ကြိုပြီး ခြွေထားဖို့ လိုပါတယ်နော်။

Comments

0 comments
Advertisement