Advertisement

ချစ်တို့ရေ ရင်သားကင်ဆာ ဖြစ်နေကြောင်း ဘယ်လိုသိနိုင်မလဲဆိုတာ ကြိုတင်သိရအောင် အစောဆုံး စစ်ကြည့်ရအောင်နော်။

ခုနောက်ပိုင်း အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ပိုပြီးခြိမ်းခြောက်လာတာကတော့ ရင်သားကင်ဆာပါပဲ။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးတွေလည်း တော်တော်လုပ်နေကြတာ သတိထားမိမှာပါ။ ရင်သားကင်ဆာက ရင်သားအစိတ်အပိုင်း ဖြတ်တောက်ပစ်ပြီး နေလို့ရတာ ရှိပေမယ့် ကင်ဆာနောက်ဆုံးအဆင့်ဆိုရင်တော့ အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဒီတော့ မိန်းကလေးတိုင်း ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ့်ဆီမှာ ရင်သားကင်ဆာ ရှိနေလားဆိုတာ စစ်ကြည့်ဖို့ လိုပါတယ်။ လက္ခဏတွေလည်း စစ်ရင်း ကိုယ့်ရင်သားမှာ ဘာပဲတွေ့တွေ့ ဆရာဝန်နဲ့ တွေ့ဆုံပြီး ဓါတ်မှန်ရိုက်တာမျိုး လုပ်ပါ။

ရင်သားကင်ဆာရဲ့ လက္ခဏာတွေ

ရင်သားကင်ဆာ ဖြစ်နေပြီလားဆိုတာ သိနိုင်ဖို့အတွက် အရင်ဆုံး သူ့ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ လက္ခဏာတွေ သိထားရင် ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ချိန်ဆပြီး သိနိုင်တာပေါ့။

  • ရင်သားနဲ့ ရင်သားတဝိုက်မှာ နာကျင်တာကို ခံစားရခြင်း (ချစ်တို့ ရာသီလာခါနီး ဒါမှမဟုတ် ရာသီလာနေချိန်မျိုးမှာ နာသလိုမျိုး မဟုတ်ဘဲ ဆက်တိုက်နာကျင်နေတာမျိုးပါ)
  • ရင်သား အရေပြား ပြောင်းလဲခြင်း
  • နို့သီးခေါင်း အတွင်းဘက်ကို ချိုင့်ဝင်ခြင်း
  • ရင်သားတဝိုက်မှာ အနီရောင် အကွက်လိုမျိုး အရောင်ပြောင်းခြင်း
  • ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံ သိသိသာသာ ပြောင်းလာခြင်း
  • အကြိတ်တစ်ခုခု စမ်းမိခြင်း (ဒါကလည်း တခြားအကြိတ်တွေ ဖြစ်နေတတ်တာမို့ သေချာ စစ်ဖို့တော့ လိုပါတယ်)
  • နို့သီးခေါင်းကနေ သွေးထွက်လာခြင်း တွေပဲ ဖြစ်ပါတယ်။

ကိုယ်တိုင် အိမ်မှာ စစ်ဆေးကြည့်မယ်

ရင်သားမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေရှိမရှိ ဆိုတာကို အရင်စစ်ရမှာပါ။ အပေါ်မှာ ပြောပြတဲ့ လက္ခဏာတွေ ဖြစ်မဖြစ် စောင့်ကြည့်ပြီးရင် ဒီလို စစ်ဆေးကြည့်ပါ။

အရင်ဆုံး ဘေးတစောင်းလှဲပြီး ညာဘက်လက်မောင်းပေါ် ခေါင်းအုံပြီး လှဲရမှာပါ။ ဘယ်ဘက်လက်နဲ့ ညာဖက်ရင်သားကို လက်နဲ့ စက်ဝိုင်းပုံ လှည့်ပြီး ရင်သားတစ်ခုလုံးစမ်းပါ။ ရင်သားဘေးဘက်အစွန် ချိုင်းအောက်ထိ ရောက်အောင် စမ်းပါ။ နို့သီးခေါင်းကိုလည်း ဖိကြည့်ပါ။ စမ်းတဲ့အခါ အကြိတ်တစ်ခုခု စမ်းမိလားဆိုတာမျိုး စစ်ကြည့်ပါ။ ကျန်တဖက်ကိုလည်း အဲ့ဒီအတိုင်း စစ်ပါ။

အကြိတ်တစ်ခုခု စမ်းမိတဲ့အခါ

အပေါ်မှာ ပြောပြထားတဲ့ နည်းနဲ့ စစ်ကြည့်လို့ ပြောင်းလဲမှု တစ်ခုခု ရှိခဲ့ရင် အရမ်းစိုးရိမ် ထိတ်လန့်တာမျိုး မဖြစ်ပါနဲ့ဦး။ ရင်သားမှာ အကြိတ်ရှိတိုင်းလည်း ရင်သားကင်ဆာတော့ မဟုတ်သေးပါဘူး။ ဒီတော့ စိတ်ချရအောင် ဆရာဝန်နဲ့ ပြပြီး ဓါတ်မှန်ရိုက်ကြည့်တာမျိုး လုပ်ပါ။ အတည်ပြု စစ်ဆေးတာမျိုး လုပ်ပါ။

carrottop-ng.com

ဘယ်အချိန်မှာ စမ်းလို့ရမလဲ

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်မှာ ဟော်မုန်းကြောင့် ရင်သားမှာ အဖုအလုံးလေးတွေ ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အဲဒီလိုအချိန်မှာ မစမ်းသပ်ဘဲ ရာသီလာပြီးတဲ့ ရက်တွေမှာသာ စမ်းပါ။ တစ်လတစ်ကြိမ်လောက် စမ်းပေးမယ်ဆိုရင် ကိုယ့်ရဲ့ ရင်သားကျန်းမာရေး အခြေအနေနဲ့ ပက်သတ်ပြီး ပြင်ဆင်ချိန် ရပါတယ်။ ဓါတ်မှန်ရိုက်တာကတော့ ပိုပြီးစိတ်ချရတာမလို့ ကိုယ့်ဘာသာ စမ်းကြည့်တာမျိုး လုပ်ပြီး  ဘာပဲ စမ်းမိမိ အရမ်းမကြောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

Tags: breasthealth

Comments

0 comments