Advertisement
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဘာလို့လိုတာလဲ

လေ့ကျင့်ခန်းရော ပုံမှန်လုပ်ဖြစ်ရဲ့လား။ ချစ်တို့ နေ့တိုင်းအားကစားလေး လုပ်ဖို့ လိုပါတယ်နော်။ အားကစားမဟုတ်ရင်တောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတော့ လုပ်သင့်ပါတယ်။ အဲဒီလို လုပ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ ပြောင်းလဲတိုးတက်လာမှာလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ရအောင်။

ယုံကြည်ချက်တွေ ရှိလာမယ်

အားကစား လုပ်တဲ့အခါ ကျန်းမာရေးကောင်းလာသလို စိတ်ပျော်လာမယ်၊ ခန္ဓာကိုယ်လည်း ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းလာမှာမို့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်ချက်တွေ ရှိလာမှာပါ။ မှန်ထဲ ကြည့်လိုက်ရင်ကို အားတွေပိုတက်လာမှာလေနော်။ ကျန်းမာပျော်ရွှင်နေတော့ အလုပ်လုပ်တာတွေလည်း ပိုပြီးအဆင်ပြေလာမှာပါ။

ဉာဏ်ပိုကောင်းလာမယ်

အလုပ်လုပ်တဲ့အခါ တွေးနိုင်ဖို့ အိုင်ဒီယာ ကောင်းကောင်းရဖို့ဆိုတာ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်း ကောင်းနေဖို့ လိုတယ်နော်။ အားကစားလုပ်တဲ့အခါမှာ နှလုံးခုန်နှုန်းလည်း တိုးတက်လာပြီး ဦးနှောက်ဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ဖို့ လှုံ့ဆော်ပေးပါတယ်။ နောက်ပြီး ဦးနှောက်ဆဲလ်တွေ ကောင်းဖို့ ဟော်မုန်းတွေကိုလည်း လှု့ံ့ဆော်ပေးနိုင်ပါတယ်။ ဒီတော့ အားကစားလုပ်တာက ကိုယ့်ရဲ့တွေးတောနိုင်စွမ်းတွေကိုလည်း တိုးတက်လာစေမှာပါ။

ကိုယ်အလေးချိန် ထိန်းထားပြီးသား ဖြစ်မယ်

အားကစား လုပ်တဲ့အခါ ပိန်တဲ့သူပဲ ဖြစ်ဖြစ် ဝတဲ့သူပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေ ကျလာမယ်၊ ကြွက်သားတွေ တက်လာပြီး ခန္ဓာကိုယ် အချိုးအစား ကျကျဖြစ်လာမယ်။ ဒီတော့ ကိုယ်အလေးချိန် ထိန်းထားပြီးသား ဖြစ်မှာပါ။ ချက်ချင်းကြီး ဖြစ်မလာရင်တောင် တဖြည်းဖြည်းတော့ ခန္ဓာကိုယ်က အချိုးအစားကျလာမှာပါ။

အိပ်ပျော်စေမယ်

ညဘက်အိပ်မပျော်ဘူးဆိုတဲ့သူတွေက အားကစားလုပ်ကြည့်ဖို့ လိုတယ်နော်။ အားကစား ပုံမှန်လုပ်တာက အနားယူခြင်းတစ်မျိုး ဖြစ်တဲ့အပြင် အိပ်ပျော်စေတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ အားကစား လုပ်နေချိန်မှာ အပူချိန်မြင့်တက်လာတာက ခန္ဓာကိုယ်ကို မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေမှာပါ။

စိတ်ပျော်ရွှင်လာမယ်

အားကစားလုပ်တယ်ဆိုတာ စိတ်ရဲ့ ခံစားချက်ကို ကောင်းမွန်စေတယ်နော်။ စိတ်ပူတာတွေ လျော့စေပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာစေမှာပါ။ အားကစား ပုံမှန်ုလုပ်တဲ့အခါ ကိုယ့်မှာ တက်တက်ကြွကြွ ဖြစ်နေမယ့် စိတ်လေး ဖြစ်နေမယ်။ အားကစား လုပ်နေချိန်မှာ တခြားကိစ္စတွေကိုလည်း မတွေးမိဘူးဆိုတော့ စိတ်ပျော်ရွှင်လာနိုင်ပါတယ်။ နောက်ပြီး အားကစား လုပ်တဲ့အခါမှာလည်း မိတ်ဆွေအပေါင်းအသင်းတွေ ရလာနိုင်တာဆိုတော့ အတွေးသစ်၊ မိတ်ဆွေသစ်တွေနဲ့ ဗဟုသုတလည်း ရလာမှာမို့ စိတ်ပျော်လာမှာပါ။

ချစ်တို့ နေ့တိုင်း ကိုယ်လက်လှုပ်ရှား ဘာဖြစ်လို့ လုပ်ဖို့လိုတယ်ဆိုတာ သိထားပြီးရင်တော့ အားရင် ခွေခေါက်နေတတ်တဲ့ အကျင့်လေး ပြင်ပြီး ကိုယ်လက်လှုပ်ရှားလိုက်တော့နော်။

Comments

0 comments