သခွားသီးက ကျွတ်ကျွတ်လေးနဲ့ စားကောင်းတဲ့ ဟင်းသီးဟင်းရွက် အုပ်စုဝင်ဖြစ်ပြီး အစိမ်းတိုင်းစားကြပါတယ်။ သူ့ချည်းသပ်သပ်စားကြသလို တခြားဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး သုပ်စားတာမျိုး၊ ရောစားတာမျိုး၊ အတိုအမြှပ်လုပ်စားတာမျိုး စိတ်ကူးထဲရှိသလို စားနိုင်ပါတယ်။ သခွားသီးရဲ့ အားသာချက်က အရည်ရွှမ်းပြီး ရေဓါတ်ပြည့်ဝတာကြောင့် နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ အလွန်ကောင်းပါတယ်။
နေ့တိုင်းစားသင့်တဲ့ အစားအသောက်ထဲမှာ သခွားသီးလည်းပါတယ်။
ရေဓါတ်
သခွားသီးမှာ ရေဓါတ် ၉၀ ရာခိုင်နှုန်းတောင်ပါလို့ ရေသောက်နည်းတဲ့သူတွေအတွက် အလွန်ကောင်းပါတယ်။ တစ်ရက် ရေလီတာပြည့်အောင် သောက်ဖို့ အဆင်မပြေဘူးဆိုရင် သခွားသီးများများစားပေးပါ။
အူလှုပ်ရှားမှု
သခွားသီးမှာ အမျှင်ဓါတ်များစွာပါလို့ အစာခြေစနစ်ကောင်းစေပြီး အူလှုပ်ရှားမှု အထောက်အကူပြုလို့ ဝမ်းချုပ်တာကို သက်သာစေပါတယ်။
သရေစာ
သခွားသီးမှာ အဆီဓါတ်၊ သကြားဓါတ် လုံးဝ မပါလို့ သရေစာအနေနဲ့ စားရင်လည်း ကောင်းပါတယ်။ ဥပမာ – သခွားသီးထောင်း၊ သခွားသီးသုပ်
လတ်ဆက်တဲ့အရသာ
သခွားသီးမှာ လတ်ဆက်တဲ့ အရသာနဲ့ အနံ့ ရှိနေတာက သူ့ရဲ့အားသာချက်ပါ။ သခွားသီးစားတာက ခံတွင်းနံ့ဆိုးတာကို သက်သာစေပါတယ်။ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားပမာဏကို လျှော့ချပေးပါတယ်။
အရက်နာကျခြင်း
အရက်၊ ဘီယာတွေ အများကြီးသောက်ထားတဲ့သူဆိုရင် နောက်တစ်နေ့ အမြန်ပြန်ကောင်းလာဖို့ သခွာသီးစားပေးပါ။ သခွားသီးမှာ ရေဓါတ်နဲ့ ဗီတာမင် B နှစ်မျိုးလုံးပါဝင်တာကြောင့် အရက်နာကျတာကို အမြန်ပြန်ကောင်းစေပါတယ်။
အသားအရေ
သခွားသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီကာ တို့ပါဝင်တာကြောင့် အရေပြားကုသမှုတွေမှာ မကြာခဏ အသုံးပြုကြပါတယ်။ သခွားသီးက အသားအရေရောင်ရမ်းတာကို ဆန့်ကျင့်ပေးပြီး မျက်ကွင်းညိုတာတွေကိုလည်း ပြေလျော့စေတယ်။ အသားအရေနာကျင်မှုကိုလည်း သက်သာစေပါတယ်။
Comments