Advertisement

မိန်းကလေးတို့ရေ Gym ခုမှစပြီးဆော့မယ်ဆိုရင် Gym ရဲ့ အထာလေးတွေ သိထားဖို့ လိုတယ်နော်။ ဒါမှ ကိုယ်ဘာတွေပြင်ဆင်ရမလဲဆိုတာ သိထားနိုင်မှာလေ။

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကျန်းမာရေးအတွက် Gym ဆော့တော့မယ်လို့ တွေးနေပြီလား ချစ်လေးတို့ရေ။ Gym ဆော့တယ်ဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုတယ်နော်။ လန်းဆန်းတက်ကြွစေတဲ့အပြင် ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း မြင့်စေတယ်လေ။ ဒီတော့ Gym ကတော့ ဆော့သင့်ပါတယ်။ အဲဒီလို ဆော့တဲ့အခါ အခုမှ ပထမဆုံး စဆော့ရမယ်ဆိုရင် သိထားသင့်တာလေးတွေ ရှိတယ်နော်။ Gym အထာလေးတွေပေါ့။

(photo: dvi beauty)

ကြွက်သားတွေ နာကျင်မယ်

ဂျင်စဆော့မယ်ဆိုရင် ပထမဆုံး သေချာသိထားရမှာကတော့ သေချာပေါက် ကြွက်သားတွေ နာကျင်မှာပါ။ မထချင်လောက်အောင်၊ မလှုပ်ရှားချင်လောက်အောင်ကို ဖြစ်မှာသေချာပါတယ်။ အဲဒီတော့ ဂျင်စဆော့တော့မယ်ဆိုရင် ကြွက်သာေးတွ နာမှာကို ကြိုတွေးထားပါ။ အကယ်လို့ ကိုယ်က ဂျင်စဆော့ပြီး နောက်ရက်မှာ ပွဲတက်စရာရှိတာတွေ၊ ခရီးသွားဖို့ ရှိတာတွေ ဆိုရင်တော့ စဆော့မယ့် ရက်ကို ကြိုတင်ချိန်ဖို့ လိုတယ်နော်။

ထည့်သွားရမှာတွေ

Gym ဆော့တော့မယ်ဆိုရင် ထည့်သွားရမှာတွေ ရှိတယ်နော်။ ဒီအတိုင်း လက်ဗလာချည်း သွားလို့ အဆင်မပြေဘူးလေ။ ဘာတွေ ထည့်သွားရမလဲဆိုတော့ ခေါင်းစည်းကြိုး၊ ဝတ်စုံအပို၊ Sport bra၊ ရေသန့်ဗူး၊ ချွေးသုတ်ဝတ်၊ ဂျင်မှာစီးဖို့ ဖိနပ် ထည့်သွားဖို့ လိုပါတယ်နော်။ ဒါမှ ဟိုမှာ ဘယ်သူ့ဆီကမှ ပစ္စည်းတွေ မငှားရမှာပါ။ ကိုယ်က အသစ်ဆိုတော့ ဘယ်သူနဲ့မှလည်း သိမှာ မဟုတ်ဘူးလေ။

(photo: beat heal teal)

Trainer စောင့်ရတာ

Trainer က Personal Trainer ဆိုရင်တော့ ကိုယ့်အနားမှာပဲ ရှိနေမှာသေချာပေမယ့် အဲဒီလို မဟုတ်ဘူးဆိုရင်တော့ သေချာပေါက် စောင့်ရနိုင်ပါတယ်။ စိတ်ရှည်ဖို့တော့ လိုတယ်နော်။ Trainer က အလှည့်ကျ သေချာ Train ပေးမှာ ဖြစ်တဲ့အတွက် ကိုယ့်အလှည့်ရောက်တဲ့အခါ ကိုယ်သိချင်တာလေးတွေလည်း မေးထားပါ။

ဆော့တဲ့အခါ

Gym ကို လူများတဲ့ အချိန်ဆော့မိသွားတယ်ဆိုရင် ဆော့တဲ့အခါမှာ Trainer တွေအပြင် စီနီယာတွေရဲ့ ဆရာလုပ်တာကိုလည်း ကြုံရနိုင်တယ်နော်။ Gym တိုင်းတော့ မဟုတ်ပေမယ့် တချို့မှာတော့ အဲဒီလိုလေးတွေ ရှိနေတတ်ပါတယ်။ ချစ်လေးတို့ သိထားတယ်ဆိုရင် ကိုယ့်ကိုဆရာလာလုပ်တာလား၊ သင်ပေးတာလားဆိုတာ သတိထားမိမှာပါ။

(photo: explore today)

နည်းမှန်ရဲ့လား

Gym ဆရာကို မပြောရဲမဆိုရဲတွေလည်း လုပ်မနေနဲ့နော်။ ဆော့နေရင်းနဲ့ ကိုယ်မခံနိုင်လောက်တဲ့အထိ နာကျင်တာမျိုးတွေ ဖြစ်လာရင်လည်း ပြောပါ။ ဥပမာ- ဒူးနာတယ်ဆိုရင် ကိုယ်ဆော့တဲ့ လေ့ကျင့်ခန်းက ဒူးနာလာတာ ပုံမှန်လား တစ်ခုခု အဆင်မပြေနေတာလားပေါ့။ အဲဒီလိုတွေ သေချာမေးထားနော်။

(photo: freepik)

ပစ္စည်းတွေ ပြန်ထားပါ

Gym မှာ ဆော့ပြီးတဲ့အခါ ပစ္စည်းတွေ ပြန်ထားဖို့ မမေ့နဲ့နော်။ ကိုယ်က ပထမဆုံး စဆော့တာ ဖြစ်ပေမယ့် စည်းကမ်းတွေကို သိထားတာ အကောင်းဆုံးပါ။ အလေးမတုံးတွေ၊ စက်တွေမှာ ထည့်တဲ့ Weight တုံးတွေ၊ ဖျာတွေ အကုန်လုံး နေရာတကျ ပြန်ထားပါ။ နောက်တစ်ခု သတိထားရမှာကတော့ တန်းစီရတာပါ။ စက်တွေ ဆော့တဲ့အခါ အလှည့်ကျ ဆော့ဖို့ လိုတာမလို့ တန်းစီထားဖို့ လိုတယ်နော်။ ကြားဖြတ်တာတွေ၊ အတင်းနေရာဝင်လုတာတွေ မလုပ်မိဖို့ ဂရုစိုက်ပါနော်။

 

Tags: fitness

Comments

0 comments
Advertisement