Advertisement

ကိုယ့်ဆီမှာ စိတ်ဖိစီးမှုတွေ များနေလားဆိုတာ သိနိုင်မယ့် လက္ခဏာတွေ သိထားရင်တော့ စိတ်ကို ဘယ်လိုအေးအေးထားပြီး သက်သာအောင် လုပ်လို့ရမလဲဆိုတာ နည်းလမ်းရှာတွေ့မှာပါ။

မိန်းကလေးတို့ရေ အလုပ်၊ မိသားစု၊ သမီးရည်းစား ကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်တတ်ကြတာပါပဲ။ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေလို ဖြစ်ပြီးနောက်မှာ ခပ်လွယ်လွယ်မေ့ပျောက်သွားတာမျိုး မဟုတ်ဘဲ ဒါကိုပဲ တွေးပူနေပြီး စိုးရိမ်နေတယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေ ဖြစ်နေပါပြီ။ ဒီလိုမျိုး စိတ်ဖိစီးမှုတွေကလည်း ကိုယ်ကသတိထားမိတာတွေ ရှိသလို သတိမထားမိလိုက်တာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် လိုအပ်တာမို့ စိတ်ဖိစီးမှု များနေရင် ပြတတ်တဲ့ လက္ခဏာတွေကိုတော့ သိထားသင့်တယ်နော်။

ခေါင်းကိုက်တာ

စိတ်ဖိစီးမှုတွေ များလာပြီဆိုရင် လူအများစုမှာ ဖြစ်တတ်တာကတော့ ခေါင်းကိုက်တာပါပဲ။ အိပ်ရေးပျက်လို့၊ ခေါင်းမူးစေမယ့် အစားအစာတွေ စားမိလို့ ခေါင်းကိုက်တာမျိုး မဟုတ်ဘဲ ဘာရယ်မှန်း မသိ ခဏခဏ ခေါင်းကိုက်တယ်၊ တွေးလိုက်တိုင်း ခေါင်းကိုက်လာနေပြီဆိုရင်တော့ ဒါဟာ ကိုယ့်မှာ စိတ်ဖိစီးမှုတွေ ရှိနေတဲ့ လက္ခဏာတစ်ခုပါပဲ။ ရက်ရှည်ရှည် ခေါင်းကိုက်နေတာမျိုးပေါ့။

အိပ်မပျော်ဘူး

စိတ်ဖိစီးမှုတွေ များတယ်ဆိုတာ စိတ်ထဲမှာ အဆင်မပြေတဲ့ ကိစ္စတစ်ခုကို အမြဲတွေးနေတာ၊ ပူပန်သောက ရောက်နေတာတွေပါ။ ဘယ်လိုလုပ်ရမလဲ တွေးနေမိတဲ့ အခိုက်အတန့်တွေပေါ့။ အဲဒီလိုဆိုရင် အတွေးတွေ နယ်ချဲ့ပြီး မျက်လုံးကြောင်ပြီး အိပ်မပျော်တာတွေ ဖြစ်လာပြီလေ။ အိပ်မပျော်တာတွေက ကိုယ့်ရဲ့ နေ့စဉ်အလုပ်ကိုလည်း ထိခိုက်စေနိုင်တယ်နော်။ တွေးပူပြီး အိပ်မပျော်ဘူး ဘယ်လိုနည်းနဲ့မှ အိပ်မရဘူးဆိုတာ စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ခုပါပဲ။

အစားမမှန်ဘူး

စိတ်ညစ်ရင် အများကြီး စားတယ် ဒါမှမဟုတ် နည်းနည်းလေး စားတယ်မလား။ ဒါက စိတ်ကြောင့် ပြောင်းလဲလာတဲ့ အစားစားချင်စိတ်ပါပဲ။ အများကြီးစားချင်တာ၊ အစားလုံးဝ မစားချင်တာမျိုးပေါ့။ ဘယ်လောက်ကြိုက်တာ ဖြစ်ဖြစ် နည်းနည်းမှ အစားစားချင်စိတ် မရှိဘူး။ ကိုယ်အလေးချိန်လည်း တက်လိုက်ကျလိုက်တွေ ဖြစ်နေရင်တော့ ဒါဟာစိတ်ဖိစီးမှုရဲ့ လက္ခဏာပါပဲ။

ဝက်ခြံထွက်တာ

ဒါကတော့ စိတ်ဖိစီးမှု များပြီဆိုရင် ဖြစ်တဲ့ အသိသာဆုံး လက္ခဏာပါပဲ။ ဝက်ခြံတွေ အများကြီး ထွက်လာတာပါ။ ဝက်ခြံအစိုတွေ အများကြီး ဖြစ်လာပြီး ဘယ်လိုနည်းနဲ့ပဲ ကုကု မပျောက်တော့ဘူး ဖြစ်နေတတ်တာပါ။ စိတ်ဖိစီးမှု များတဲ့သူဟာ ပုံမှန်လူတွေထက် မျက်နှာကို ထိတွေ့ ကိုင်တွယ်တာတွေ ပိုများပြီး အဲဒီလိုထိတွေ့တာကနေ တဆင့် မျက်နှာမှာ ဘက်တီးရီးယားတွေ ဖုန်မှုန့်တွေ ဝင်လာပြီး ဝက်ခြံတွေ ခပ်လွယ်လွယ် ထွက်လာတာပါ။

ခဏခဏဖျားမယ်

စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာနဲ့ ဖျားတဲ့ မိန်းကလေးတွေ ရှိတယ်နော်။ စိတ်ဖိစီးမှုတွေ များပြီး ကိုယ်တွေပူလာတာ၊ သူများထက် ကျန်းမာရေးခံနိုင်ရည်နည်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ရေချိုးမှားတာနဲ့ ဖျားတာ၊ ခန္ဓာကိုယ်အားမရှိသလို ပင်ပန်းနုံးချိတာမျိုးတွေကလည်း အဲဒီလက္ခဏာတစ်မျိုးပါပဲနော်။

 

Tags: healthstresswomen

Comments

0 comments