Advertisement

ကျောဘက်မှာ ဝက်ခြံမထွက်ချင်ဘူးဆိုတဲ့ မိန်းကလေးတွေကတော့ သိကိုသိထားသင့်ပါတယ်နော်။ ဒါမှ ကျောဘက်ဝက်ခြံထွက်တဲ့ ဒုက္ခကင်းဝေးမှာပါ။

ချစ်တို့ရေ ဝက်ခြံက မျက်နှာမှာတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ပေါက်လေ့ရှိကြတယ်နော်။ တချို့ဆို နားအတွင်းထဲမှာ ပေါက်သလို ကျောပြင်မှာလည်း ပေါက်ကြပါတယ်။ ကျောပြင်မှာ ဝက်ခြံတွေ ဖြစ်ပြီး အမာရွတ်တွေ ရှိရင် အင်္ကျီဝတ်တဲ့အခါ ကျောပြောင်လေးတွေ ဘယ်ဝတ်လို့ လှပါ့မလဲ။ မိန်းကလေးတို့ ရေကူးဝတ်စုံဆိုရင်လည်း ကျောပြင်တဲ့ ဝတ်စုံဝတ်မရတာမျိုး ဖြစ်ပြန်ရောလေ။ ဒီတော့ ကျောမှာ ဘာလို့ ဝက်ခြံတွေ ပေါက်ရလဲ သိဖို့ လိုပါတယ်။ ပေါက်ရတဲ့ အကြောင်းအရင်းတွေကို သေချာရှောင်ရှားလိုက်မယ်ဆိုရင် ကျောမှာ ဝက်ခြံပေါက်တာ ရပ်သွားမှာပါ။ ဘယ်အချက်တွေက ကိုယ့်ကျောမှာ ဝက်ခြံဖြစ်စေလဲ ကြည့်လိုက်ရအောင်။

(photo: www.shutterstock.com)

ချွေးစိုဝတ်တွေ ဝတ်တာ

လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဖြစ်ဖြစ်၊ မောပန်းလို့ပဲ ဖြစ်ဖြစ် ချွေးတွေစိုနေတဲ့ အဝတ်တွေကို အကြာကြီး ဝတ်ထားတာမျိုး မလုပ်ပါနဲ့။ Gym ဆော့ထားလို့ ချွေးထွက်နေတဲ့ အဝတ်အစားနဲ့ အကြာကြီးနေနေတာမျိုးပေါ့။ ဒီလိုမျိုး ချွေးတွေထွက်တာက ခန္ဓာကိုယ်မှာ အဆီဖုတွေ ဖြစ်စေသလို၊ လေဝင်လေထွက်မရှိဘဲ အကြာကြီး ချွေးတွေနဲ့ ပိတ်မိနေတာက ဘက်တီးရီးယားတွေ ဖြစ်စေပြီး ဝက်ခြံတွေ ဖြစ်ပေါ်လာစေတာပါ။ ဒီအချက် သတိထားရမယ်နော်။

ကျပ်လွန်းတဲ့ အဝတ်အစား

ကျပ်လွန်းတဲ့ အဝတ်အစားတွေကလည်း လေဝင်လေထွက်နည်းစေပြီး ချွေးပေါက်တွေ ပိတ်စေတာမို့ ဘက်တီးရီးယားတွေ ဖြစ်အောင် လုပ်ပေးနေသလို ဖြစ်နေတတ်တယ်နော်။ အဲဒီလိုမျိုး ချွေးပေါက်တွေ ပိတ်ပြီဆိုရင်တော့ ဝက်ခြံဖြစ်ဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် ကျပ်လွန်းတဲ့ အဝတ်အစားတွေ မဝတ်မိစေနဲ့နော်။

(photo:freepik.com)

ဟော်မုန်းအပြောင်းအလဲ

အပျိုဖော်ဝင်ခါစပဲဖြစ်ဖြစ်၊ ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးသောက်တာပဲဖြစ်ဖြစ် ဟော်မုန်းအပြောင်းအလဲ ဖြစ်တယ်ဆိုရင် ဝက်ခြံဖြစ်လေ့ ရှိပါတယ်။ မိန်းကလေးတိုင်းတော့ မဖြစ်ကြပေမယ့် တချို့မှာတော့ ဖြစ်တတ်ပါတယ်။ အဲဒါက မျက်နှာမှာ မဖြစ်ဘဲ ကျောဘက်မှာ ဖြစ်တာမျိုးပါ။ လက်သည်းနဲ့ ညှစ်တာမျိုးတော့ မလုပ်ပါနဲ့နော်။ အဲဒါက အမာရွတ်တွေ ကျန်စေခဲ့ပြီး ပိုပြီး ရုပ်ဆိုးစေပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဆိုရင်တော့ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးဖို့ လိုပါတယ်။

အစားအသောက်

ကျောဘက်မှာ ဝက်ခြံမထွက်ချင်ဘူးဆိုရင် အစားအသောက် စားတာကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အဆီများတဲ့ အစားအစာတွေနဲ့ ကာဗိုလ်ဟိုက်ဒရိတ် များတဲ့ အစားအစာ များများစားတာက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ရေများများ သောက်ဖို့လည်း မမေ့ပါနဲ့နော်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓါတ်ရမယ်ဆိုရင် ကျောဘက်မှာ ဝက်ခြံဖြစ်တာ သက်သာစေနိုင်မှာပါ။ ကျောဘက်မှာ ဝက်ခြံမဖြစ်ချင်ဘူးဆိုရင် အစားအသောက်လည်း ဆင်ခြင်ပါ။

 (photo: healthline.com)

သောက်ရတဲ့ဆေးတွေ

ချစ်တို့ရေ ကိုယ်က ကျန်းမာရေး တစ်ခုခုကြောင့် ဆေးတွေ သောက်နေရတယ်ဆိုရင် အဲဒီဆေးတွေကြောင့် ကျောဘက်မှာ ဝက်ခြံထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒါကတော့ ဆေးတွေစသောက်မှ ကျောဘက်မှာ ဝက်ခြံတွေ ထွက်လားသလားဆိုတာ သေချာသတိထားကြည့်ပါ။ အဆင်မပြေဘူးဆိုရင် ဆရာဝန်ပြတာမျိုး လုပ်ပါနော်။

 

 

Tags: acnebeauty tip

Comments

0 comments