ဟန်းနီးမွန်းအတွက် ခရီးစဉ်ရွေးတဲ့အခါ မှားတတ်တာတွေ

by: Nway Nway Aung
 0 comments  0 love

ဟန်းနီးမွန်းခရီးစဉ် ရွေးချယ်မှု မှားယွင်းသွားမယ် ဆိုရင် ဘဝမှာ တစ်ခါသာ ရနိုင်တဲ့ ပျားရည်ဆမ်းကာလရဲ့ အဖိုးတန် ချိုမြိန်မှုတွေကိုပါ လက်လွှတ်ဆုံးရှုံးရနိုင်တာမို့

Marry ရဲ့ ပရိသတ် မင်္ဂလာမောင်နှံလေးတို့ရေ ဟန်းနီးမွန်းထွက်ဖို့ ခရီးစဉ်လေးတွေ ရွေးနေကြတယ်ဆိုရင် ဘယ်လိုနေရာတွေကို ဟန်းနီးမွန်း မထွက်သင့်ဘူးလဲ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်နော်။ သာမန် အပန်းဖြေခရီးမျိုးအတွက် ခရီးစဉ်အရွေးမှားတာက စိတ်ကျေနပ်မှု မရရုံ၊ ခရီးစဉ်အတွင်း မပျော်ရလောက်ရုံသာ ဖြစ်နိုင်ပေမယ့် ဟန်းနီးမွန်း ခရီးအတွက် ခရီးစဉ် ရွေးချယ်မှု မှားယွင်းသွားမယ် ဆိုရင်တော့ ဘဝတစ်သက်သာမှာ တစ်ခါသာ ရနိုင်တဲ့ ပျားရည်ဆမ်းကာလရဲ့ အဖိုးတန် ချိုမြိန်မှုတွေကိုပါ လက်လွှတ်ဆုံးရှုံးရနိုင်တာမို့ Marry အခုပြောပြမယ့် နေရာတွေကို မရွေးချယ်မိဖို့ လိုအပ်ပါတယ်။

ဟန်းနီးမွန်းထွက်ဖို့ ခရီးစဉ်လေးတွေ ရွေးနေကြတယ်ဆိုရင် (Photo – Pinterest)

ပင်ပင်ပန်းပန်းသွားရမယ့် ခရီးတွေ

ပင်ပင်ပန်းပန်းသွားရမယ့် ခရီးတွေ (Photo – Pinterest)

ဟန်းနီးမွန်း ခရီးဆိုတာက စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အနားယူရမယ့် အပန်းဖြေခရီး ဖြစ်ပါတယ်။ ဒါကြောင့် ခရီးစဉ် ရွေးတဲ့အခါ စိတ်အေးလက်အေး နားနိုင်မယ့်၊ သဘာဝအလှတွေ ထိတွေ့ ခံစားနိုင်မယ့် ငြိမ်းငြိမ်းချမ်းချမ်း နေရာလေးတွေကို ရွေးရပါမယ်။ သွားရလာရတာ ခက်ခဲတဲ့ နေရာတွေနဲ့ နယ်မြေကြမ်းတမ်းတဲ့ ဒေသမျိုးတွေကို သွားမိရင် ပျားရည်ဆမ်းကာလက မချိုဘဲ ခါးသွားနိုင်တယ်နော်။ ဒါကြီးက စွန်းစားခန်း ခရီးမဟုတ်တာကိုလည်း မမေ့နဲ့လေ။ နောက်တစ်ခုက လေ့လာရေး ခရီးထွက်နေတာလည်း မဟုတ်တဲ့ အတွက်ကြောင့် တစ်နေရာဝင် တစ်နေရာထွက်နဲ့ ဆက်တိုက် သွားရမယ့် ခရီးမျိုးလည်း မရွေးချယ်သင့်ပါဘူးနော်။

ဆွေပြမျိုးပြ မသွားသင့်ပါ

ဆွေပြမျိုးပြ မသွားသင့်ပါ (Photo – Pinterest)

ဟန်းနီးမွန်းခရီး ရွေးတဲ့အခါ အချိန်အကြာကြီး ကွဲနေတဲ့ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေရှိတဲ့ နေရာကို မရွေးချယ်သင့်ပါဘူး။ တော်တော်များများကတော့ ခရီးလည်း ထွက်ရင်း မတွေ့ရတာ ကြာတဲ့ ဆွေမျိုး၊ အပေါင်း အသင်းတွေနဲ့ တွေ့ရင်း ဆိုတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ကြမယ်လို့ တွေးတာပေါ့။ တကယ်တမ်းတော့ နှစ်ယောက်တည်း ကြည်ကြည်နူးနူး နေရမယ့် အချိန်တွေ နည်းသွားနိုင်တဲ့ အတွက် အဆင်မပြေနိုင်ပါဘူး။ ဆွေပြ မျိုးပြ ပြချင်တယ် ဆိုရင်လည်း နောက်မှသပ်သပ်သွားဖို့ အကြံပေးချင်ပါတယ်။

ရာသီဥတု ဆိုးရွားတဲ့ နေရာဒေသတွေ

ရာသီဥတု ဆိုးရွားတဲ့ နေရာဒေသတွေ (Photo – Pinterest)

ရာသီဥတု ပြင်းထန်တဲ့ နေရာတွေကလည်း  ဟန်းနီးမွန်း ခရီးအဖြစ် မရွေးသင့်တဲ့ နေရာတွေပါ။ မိုးသည်းထန်စွာရွာတာ၊ မုန်တိုင်းကျနေတာနဲ့ နှင်းထူထပ်စွာ ကျတဲ့ အရပ်ဒေသတွေကို မသွားသင့်ပါဘူး။ ဟန်နီးမွန်းကာလလေးမှာ ကြည်နူးဆွတ်ပျံ့ဖွယ်ရာတွေ ပြည့်နှက်နေစေဖို့ အတွက် ရာသီဥတုကောင်းမွန်ပြီး နေရထိုင်ရတာ သက်တောင့် သက်သာ ရှိစေမယ့် ဒေသမျိုးကိုပဲ ရွေးချယ်ရမှာပါ။ ဒါကြောင့် မိုးလေဝသ အခြေအနေကို ကြည့်ပြီးမှ ဟန်းနီးမွန်း ထွက်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ Marry ရဲ့ စုံတွဲလေးတွေ အားလုံး ကြည်နူးစရာ ပျားရည်ဆမ်းကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords