Advertisement

မင်္ဂလာပွဲနေ့အတွက်လည်း ပြင်ဆင်တော့မယ်ဆိုရင် ပွဲနေ့မှာ လိုအပ်တာတွေ ချရေးထားဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ မင်္ဂလာပွဲနေ့အတွက် ပြင်ဆင်တဲ့အခါမှာ စုံတွဲလေးတို့ ပွဲနေ့မတိုင်ခင်နဲ့ ပွဲနေ့အတွက်ဆိုပြီး ခွဲပြင်ဆင်ရမှာပါ။ မင်္ဂလာပွဲနေ့အတွက်လည်း ပြင်ဆင်တော့မယ်ဆိုရင် ပွဲနေ့မှာ လိုအပ်တာတွေ ချရေးထားဖို့ လိုပါတယ်။ မင်္ဂလာပွဲနေ့အတွက် ယူသွားရမယ့် ပစ္စည်း စာရင်းက ဘာတွေဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

ယူသွားရမယ့် ပစ္စည်းစာရင်းတွေ (photo: www.hellomagazine.com)

 အရံအတွက်

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့အတွက် ယူသွားရမယ့် ပစ္စည်းစာရင်းတွေထဲမှာ စုံတွဲလေးတို့အတွက်အပြင် အရံတွေအတွက်ပါ ထည့်ရမှာပါ။ အရံလေးတွေအတွက် ဝတ်မယ့် ပစ္စည်းတွေအတွက် အရံတွေကို ကြိုပေးထားမှာလား၊ စုံတွဲလေးတို့ သယ်သွားပေးမှာလားဆိုတာ ကြိုမေးထားပါ။ မင်္ဂလာပွဲနေ့မှာ အရံတွေအတွက် သယ်ရမှာတွေကို တစ်စုတစ်စည်းတည်းထားပါ။

လက်ဝတ်ရတနာ (photo: www.hellomagazine.com)

 

လက်ဝတ်ရတနာ

သတို့သမီးလေးနဲ့ နှစ်ဖက်မိဘအတွက် လက်ဝတ်လက်စားက မိတ်ကပ်ဆရာဆီကနေ ယူမယ်ဆိုရင်တော့ မိတ်ကပ်ဆရာက သယ်လာမှာ ဖြစ်ပေမယ့် ကိုယ်တိုင် စီစဉ်ထားတယ်ဆိုရင်တော့ လက်ဝတ်ရတနာတွေ သယ်သွားဖို့ စာရင်းထဲမှာချရေးထားပါ။ လက်ဝတ်ရတနာ သယ်ဖို့အတွက် တာဝန်ယူမယ့် လူစာရင်းပါ ချရေးထားပါ။

ပုဝါ

သတို့သမီးလေး တော်တော်များများ ပွဲနေ့မှာ ဝတ်စုံကိုပဲ အာရုံရောက်နေကြပြီး ပုဝါကိုတော့ မေ့သွားလေ့ ရှိပါတယ်။ ပွဲထဲရောက်မှ ပုဝါပြန်ယူဖို့ဆိုတာလည်း မလွယ်ဘူးလေနော်။ ပုဝါနဲ့ ပတ်သက်ပြီး ဘယ်သူက ယူလာပေးမယ်ဆိုတာပါ ပြင်ဆင်ထားပါ။

ဖိနပ်

ဖိနပ်

သတို့သားနဲ့ သတို့သမီးတို့ ဆင်တူစီးမယ့် ဖိနပ်တွေလည်း ပွဲနေ့မှာ သယ်လာဖို့ မမေ့ပါနဲ့ဦးနော်။ စုံတွဲလေးတို့အပြင် အရံတွေနဲ့ နှစ်ဖက်မိဘအတွက်ပါ လိုအပ်တာမို့ ဖိနပ် အရံအရေအတွက် သေချာစစ်ပြီး သယ်ပါ။ ပွဲနေ့မှာ ဖိနပ်စုံဖို့လည်း စီးမယ့်သူတိုင်းကို သတိထားပေးဖို့ ကြိုမှာထားပါနော်။

ပြန်ကမ်းနဲ့ လက်ဖွဲ့ဖလား

စုံတွဲလေးတို့ ပြန်ကမ်းနဲ့ လက်ဖွဲ့ဖလား သယ်သွားဖို့ မမေ့ပါနဲ့နော်။ လက်ဖွဲ့ခုံမှာ ရှိရမယ့် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လက်ဖွဲ့ခုံမှာ ထိုင်မယ့်သူဆီ အပ်ထားပါ။ သယ်လာဖို့ တာဝန်ပေးထားတာ အကောင်းဆုံးပါ။

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့အတွက် ယူရမယ့် ပစ္စည်းတွေ သေချာသိထားပေးနော်။ အဲဒါမှသာ ပွဲနေ့ဘယ်ပစ္စည်းမှ မမေ့မှာပါ။ 

Comments

0 comments