Advertisement

အချိန်တိကျမှ ဖြစ်မယ့် ကိစ္စတွေ ဆောင်ရွက်တဲ့အခါ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေထဲက အချိန်တိကျသူကို ရွေးပြီး ဆောင်ရွက်ခိုင်းပါနော်။

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲတစ်ပွဲ စီစဉ်တယ်ဆိုတာ ထင်သလောက်တော့ မလွယ်ကူပါဘူးနော်။ အလုပ်တဖက်နဲ့ စီစဉ်ရတယ်ဆိုရင် ပိုပြီးတော့တောင် ပင်ပန်းပါသေးတယ်။ မင်္ဂလာဆောင်အတွက် စုံတွဲလေးတို့ အကူအညီတောင်းရမယ့်သူတွေ၊ အကူအညီတောင်းရမယ့် ကိစ္စတွေ ရှိကောင်းရှိမှာပါ။ အဲဒီလိုမျိုး တခြားသူတွေကို အကူအညီတောင်းတော့မယ်ဆိုရင် ဘာတွေသတိထားရမလဲဆိုတာ ပြောပြမယ်နော်။

ကိုယ့်စိတ်တိုင်းကျ မဖြစ်လာတာ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် တခြားသူတွေကို အကူအညီတောင်းတဲ့အခါ ကိုယ့်စိတ်တိုင်းကျ ရာနှုန်းပြည့် ဖြစ်မလာနိုင်ဘူးဆိုတာ သတိရပါ။ ကိုယ်တိုင်လုပ်မှ စိတ်ကျေနပ်နိုင်တဲ့သူဆိုရင်တော့ အကူအညီတောင်းတဲ့အခါ ကိုယ့်စိတ်တိုင်းကျ ရမလာရင် စိတ်မဆိုးဖို့ ကြိုတင်ပြင်ဆင်ထားပါ။ အကူအညီတောင်းတဲ့အခါမှာ ကိုယ်လိုချင်တာကို အသေးစိပ် ပြောပြပါ။ ဒါမှ အနီးစပ်ဆုံး ရလာမှာပါ။

အကူအညီတောင်းမိတဲ့အခါ (photo: www.mywedding.com/)

ယုံကြည်မှုထားပါ

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ ကူညီပေးမယ့်သူတွေအပေါ်မှာ ယုံကြည်မှု ထားပါ။ ကိုယ့်ရဲ့မင်္ဂလာပွဲကို ကူညီပေးတာမို့ ဘယ်သူမှ မကောင်းတာ၊ ဆိုးတာမျိုး စီစဉ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ပွဲကို အကောင်းဆုံး စီစဉ်ပေးမယ်လို့ ယုံကြည်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုတွေ စုံစမ်းခိုင်းတာ၊ စီစဉ်ခိုင်းတာတွေနဲ့ ပတ်သက်ပြီး ယုံကြည်ထားပါ။

အချိန်တိကျသူဖြစ်ဖို့

ပွဲတစ်ပွဲ စီစဉ်တဲ့အခါ အချိန်တိတိကျကျ ရှိတတ်တဲ့သူတွေနဲ့ပဲ စီစဉ်တာ အကောင်းဆုံးပါ။ အချိန်တိကျမှ ဖြစ်မယ့် ကိစ္စတွေ ဆောင်ရွက်တဲ့အခါ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေထဲက အချိန်တိကျသူကို ရွေးပြီး ဆောင်ရွက်ခိုင်းပါနော်။ ဒါမှသာ ကိုယ့်ရဲ့ပွဲမှာ အကုန်အစီအစဉ်တကျ ရှိမှာပါ။

အချိန်တိကျသူဖြစ်ဖို့(photo: www.mywedding.com/)

စိတ်ဆိုးလွယ်တဲ့သူ

စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် အကူအညီတောင်းတဲ့အခါမှာ စိတ်ဆိုးလွယ်တဲ့သူ မဖြစ်ဖို့ အရေးကြီးပါတယ်နော်။ စကားတွေကို အထအနကောက်ပြီး စိတ်ဆိုးတတ်တဲ့သူဆိုရင် ပွဲစီစဉ်နေချိန်မှာ စိတ်ညစ်ရပါလိမ့်မယ်။ မင်္ဂလာပွဲ စီစဉ်တာက ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိတယ်လေ။ ကိုယ်က ပြောမိလို့ စိတ်ဆိုးစိတ်ကောက်သွားတယ်ဆိုရင် စုံတွဲလေးတို့ ပိုစိတ်ညစ်ရပါလိမ့်မယ်။ ဒါကြောင့် စိတ်ဆိုးလွယ်တဲ့သူတွေကို အကူအညီမတောင်းပါနဲ့။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် အကူအညီတောင်းတဲ့အခါ သတိထားရမှာတွေ သိထားပေးနော်။

Comments

0 comments