မင်္ဂလာပွဲစီစဉ်နေချိန်မှာ သတို့သားနဲ့သတို့သမီး ရန်မဖြစ်စေဖို့

by: Phyo Pyae Thu
 0 comments  2 love

 ရွေးချယ်စရာတွေ များတဲ့အခါမှာ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိလာနိုင်ပါတယ်။

မင်္ဂလာပွဲ ကျင်းပဖို့ ပြင်ဆင်တဲ့အခါမှာ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ အရမ်းကို များပါတယ်။ ရွေးချယ်စရာတွေ များတဲ့အခါမှာ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိလာနိုင်ပါတယ်။ ဒီလိုဆိုရင် ပျော်စရာတွေအစား စိတ်ညစ်ရမှာတွေ ရှိလာနိုင်ပါပြီ။ မင်္ဂလာပွဲစီစဉ်ရတာကြောင့် သတို့သားလောင်းနဲ့ သတို့သမီးလောင်းလေးတို့ ရန်မဖြစ်စေဖို့ ဒီအချက်လေးတွေ လိုက်နာနော်။

ကူညီပါ

မင်္ဂလာဆောင်တယ်ဆိုတာ နှစ်ဦးနှစ်ယောက် ဆောင်တာပါ။ ဒီတော့ တစ်ယောက်ကို တစ်ယောက် ကူညီပေးဖို့ လိုပါတယ်။ တစ်ဦး ပြင်ဆင်နေတဲ့အချိန်မှာ တစ်ယောက်က တိုင်ပင်ပြီး နောက်တစ်ခုကို ကြိုတွေးထားပေးတာ၊ လုပ်ပေးထားတာမျိုး ကူညီပါ။

နားလည်ပေးပါ

မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ အလုပ်တဖက်နဲ့ ကိစ္စတွေ များမြောင်လွန်းပါတယ်။ ဒီအချိန်မှာ ဘယ်အရာကိုမဆို စိတ်အလိုမကျတာတွေ ဖြစ်နေမှာ သေချာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားမာမာထန်ထန်တွေ ပြောမယ်၊ စိတ်ဆိုးပြီး အော်မိတာတွေတောင် ရှိနိုင်ပါတယ်။ ဒီအခါမှာတော့ သူလည်း စီစဉ်ရတာတွေနဲ့ ပင်ပန်းနေရတာပါလေ လို့ နားလည်ပေးလိုက်ပါ။

နှစ်ဖက်မိဘ

မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ နှစ်ဖက်မိဘတွေကို အကူအညီတောင်းရတာတွေ ရှိပါတယ်။ သတို့သမီးဘက်ကလည်း ဒီပွဲမှာ အလှဆုံးဖြစ်ဖို့ ကြိုးစားကြတာမို့ နှစ်ဖက်မိဘတွေ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ ဒီအခါမှာ ကာယကံရှင်ဖြစ်တဲ့ သတို့သား သတို့သမီးလေးတို့ပဲ အဆင်ပြေမယ့်အရာတွေ တိုင်ပင်ပြီး ရွေးချယ်ဆောင်ရွက်ပါ။

စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားထားပါ  (photo: Trung NGO)

စိတ်တိုမလွယ်ပါနဲ့

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲဆိုတာ သတို့သမီးလေးတို့ စိတ်တိုင်းကျ ပြင်ဆင်ရမယ့် မိန်းကလေး ဦးစားပေး ပွဲတစ်ခုပါ။ ဒီတော့ ရွေးချယ်သမျှ  တော်တော်များများက သတို့သမီးလေး စိတ်ကြိုက်ဖြစ်ပြီး ဦးဆောင်မယ့် ရာခိုင်နှုန်းက မိန်းကလေးဘက်က များမှာ သေချာပါတယ်။ ဒီတော့ စိတ်တိုစရာတွေ များလာပြီး သတို့သားလောင်းဘက်ကို ဘာမှလုပ်မပေးဘူး ဆိုပြီး စိတ်မတိုလွယ်ပါနဲ့နော်။

ပျော်ပျော်နေပါ

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ စီစဉ်နေတဲ့ တစ်လျှောက်လုံးမှာ အဆင်မပြေတာလေးတွေ နည်းနည်းချင်းစီ ကြုံရတတ်ပါတယ်။ ဒါကို အရမ်းအကျယ်ချဲ့ပြီး စိတ်ညစ်စရာတွေလို့ မတွေးထားပါနဲ့နော်။ အချိန်တန်ရင် အားလုံးလှလှပပ ပြီးစီးသွားမယ်လို့ စိတ်ထဲမှာ တွေးထားပါနော်။ စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားထားပါ။ မင်္ဂလာပွဲမှာ အလှဆုံး ဖြစ်ဖို့ပဲ အာရုံထားပြီး ပျော်ပျော်လေး ပြင်ဆင်ပါနော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords