မင်္ဂလာပွဲလေးကျင်းပဖို့ လအလိုက် ပြင်ဆင်သင့်တာလေးတွေ

by: Editor
 1 comments  0 love

သတို့သား သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဆင်နွှဲနိုင်ဖို့အတွက် အချိန်(၁) နှစ်လောက်ယူပြီး ကြိုတင်ပြင်ဆင်ထားကြည့်ပါ။

မင်္ဂလာပွဲ လေး ခမ်းခမ်းနားနား ကျင်းပဖို့အတွက် အချိန်ပေးဖို့တော့ လိုပါတယ်။ သတို့သား၊ သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲလေး ကျင်းပဖို့ အဆင့်ဆင့် တစ်ဆင့်ချင်း ပြင်ဆင်တတ်ဖို့ အရမ်းအရေးကြီးတယ်နော်။ ဒါမှ မင်္ဂလာရက် နီးလာတဲ့အခါမှာ စိတ်ပူစရာတွေ မရှိဘဲ ခမ်းနားတဲ့ မင်္ဂလာပွဲလေး ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မှာပါ။ သတို့သား၊ သတို့သမီးတို့ လအလိုက် ပြုလုပ်ရမယ့် အချက်လေးတွေ Marry က ဖော်ပြလိုက်တယ်နော်။

မင်္ဂလာပွဲလေး ကျင်းပဖို့ (၁၂) လအလို

သတို့သား၊ သတို့သမီးလေးတို့ နှစ်ဦးလက်ထပ်တော့မယ်လို့ တွေးလိုက်ပြီးပြီဆိုတာနဲ့ ပြင်ဆင်ချိန် (၁) နှစ်လောက် ယူပါ။ တစ်နှစ်အလိုမှာ နှစ်ဖက်မိဘနဲ့ တွေ့ဆုံပေးပြီး စေ့စပ် ကြောင်းလမ်းခြင်း၊ မင်္ဂလာခန်းမ ရွေးချယ်ခြင်းနဲ့ မင်္ဂလာပွဲ ဘယ်နှစ်ပွဲ လုပ်မယ်၊ ဘယ်လိုပုံစံလေးလုပ်မယ်ဆိုတာလေးပါ သတ်မှတ်ထားပါ။

မင်္ဂလာပွဲ ကျင်းပဖို့ (၁၂) လကနေ (၉) လအတွင်း

ဒီအချိန်မှာတော့ မင်္ဂလာရက် သတ်မှတ်ခြင်း၊ ဧည့်သည်စာရင်းတွက်ခြင်း၊ အထွေထွေ ကုန်ကျစရိတ် တွက်ခြင်း၊ သတို့သား၊ သတို့သမီးအရံ ဘယ်သူတွေလုပ်မလဲဆိုတာ လျာထားခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုအတွက် စီစဉ်ခြင်း၊ မင်္ဂလာပွဲထွက်မယ်ဆိုရင် အခမ်းအနားမှူး ငှားရမ်းခြင်း၊ မိတ်ကပ်ဆရာကြိုတင် ချိတ်ခြင်းတွေ ပြင်ဆင်ထားပါ။

မိတ်ကပ်ဆရာကြိုတင် ချိတ်ခြင်းတွေ ပြင်ဆင်ထားပါ (Photo:sweetpeaces.info)

မင်္ဂလာပွဲကျင်းပဖို့ (၉) လကနေ (၆)လအတွင်း

ဒီလတွေမှာတော့ တီးဝိုင်း ဒါမှမဟုတ် အဆိုတော်တွေ ရွေးချယ်ငှားရမ်းခြင်း၊ ခန်းမ စရံချခြင်း၊ ဝတ်စုံရွေးချယ်ခြင်း၊ လက်ထပ်လက်စွပ် ဝယ်ယူခြင်းနဲ့ ဟန်းနီးမွန်းအတွက် ပြင်ဆင်တာတွေ လုပ်ဖို့ လိုပါတယ်။

မင်္ဂလာပွဲ ကျင်းပဖို့ (၆) လကနေ (၃) လအတွင်း

မင်္ဂလာပွဲကျင်းပဖို့အတွက် (၆) လကနေ (၃) လအတွင်းမှာတော့ ဖိတ်စာအပ်တာနဲ့ ပြန်ကမ်းလက်ဆောင်လုပ်တာတွေ ပြင်ဆင်ပါ။ Pre wedding ရိုက်ပါ။ လက်ဝတ်ရတနာ ငှားမယ်ဆိုရင် ခုကတည်းက ချိတ်ထားပါ။ ဟန်းနီးမွန်းအတွက် အားလုံး အဆင်သင့် ဖြစ်နေပါစေ။

မင်္ဂလာပွဲကျင်းပဖို့ (၃) အတွင်း

(၃) လလောက် အလိုမှာတော့ ဖိတ်စာလက်ထဲရောက်ရင် အဝေးက ဧည့်သည်တွေကို ဖိတ်စာပို့တာတွေ လုပ်ပါ။ သတို့သမီးလေးတို့ မိတ်ကပ်အစမ်းပြင်တာတွေ လုပ်ကြည့်ပါ။ မင်္ဂလာကားစီစဉ်ခြင်း၊ ပန်းကုံးနဲ့ လက်စွပ် ချီးမြှင့်ပေးမယ့် လူကြီးတွေ ရွေးချယ်ခြင်း၊ လက်ဖွဲ့ပစ္စည်းတွေ လက်ခံဖို့ သင့်တော်မယ့်သူ ရှာခြင်းတွေ ပြုလုပ်ထားပါ။

မင်္ဂလာပွဲလေးပကျင်းပဖို့ (၁)လအလို

မင်္ဂလာပွဲလေး ကျင်းပဖို့ ရက်(၃၀) လောက်ပဲ လိုတော့တာပါ။ ဒီအချိန်မှာတော့ (၂) ပတ်အတွင်း ဖိတ်စာဝေတာတွေ လုပ်ပါ။ ဝတ်စုံလေးတွေ ကြိုဝတ်ထားကြည့်တာတွေနဲ့ ဖိနပ်အစီးလေ့ကျင့်ထားပါ။ ခန်းမ၊ မိတ်ကပ်၊ အခမ်းအနားမှူး စတဲ့ချိတ်ထားတာ မှန်သမျှ နောက်တစ်ကြိမ် ဆက်ပြီး ပြန်သတိပေးတာမျိုး လုပ်ပါ။ အသားအရေ အထူးဂရုစိုက်ပါ။ ဒါမှမိတ်ကပ်လိမ်းရင် လှမှာပါ။ ဒီအချိန်မှာတော့ တော်တော်များများ အဆင်သင့်ဖြစ်နေအောင်တော့ ပြင်ဆင်ထားရပါမယ်။

သတို့သား သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဆင်နွှဲနိုင်ဖို့အတွက် အချိန်(၁) နှစ်လောက်ယူပြီး ကြိုတင်ပြင်ဆင်ထားကြည့်ပါ။ ဒါဆိုရင်တော့ မင်္ဂလာပွဲလေး လိုလေသေးမရှိဘဲ ခမ်းခမ်းနားနားလေး ဆင်နွှဲနိုင်မှာပါ။

From Marry with

Tag: wedding tipsideaadvice

Comments

0 comments
Latest video