Advertisement

အရင်ဆုံး စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုတယ်နော်။ ချစ်တို့ စိတ်ရောကိုယ်ပါ အဆင်ပြေအောင် ဒီအလေ့အကျင့်ကောင်းတွေ မွေးမြူထားလိုက်ပါ။

ချစ်တို့ရေ စိတ်ဆိုတာ အရာရာ အဆင်ပြေစေဖို့ ဦးဆောင်ပေးနိုင်တဲ့ အရာပါ။ ကျန်းမာရေး စီးပွားရေး ဘယ်ကိစ္စမဆို စိတ်ဆောင်နေရင် အဆင်ပြေနေတာပါပဲ။ စိတ်ထဲမှာ အဆင်မပြေတော့ဘူးဆိုတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေး စီးပွားရေးတွေက ဆက်တိုက်ကို ထိခိုက်လာနိုင်ပါတယ်။ စိတ်နဲ့ အကုန်ဆက်စပ်နေတာကိုးနော်။ ဒီတော့ ချစ်တို့ စိတ်ကျန်းမာအောင် အရင်ဆုံး နေရပါမယ်။ စိတ်ကျန်းမာပြီး ပျော်ရွှင်တဲ့သူဖြစ်မှသာ အရာရာ အဆင်ပြေမှာမလို့ ဘာတွေလုပ်ရမလဲ ကြိုးစားရအောင်။

သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ စကားပြောပါ

စိတ်ကျန်းမာပြီး ပျော်ရွှင်ဖို့ဆိုတာ တစ်ယောက်တည်း နေနေရတယ်ဆိုတဲ့ အထီးကျန်စိတ် မဖြစ်ဖို့ မရှိဖို့ လိုပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောပေးတာက စိတ်အထီးကျန်တာတွေ မဖြစ်စေဘဲ စိတ်အပန်းပြေစေပါတယ်။ ဒီတော့ ချစ်တို့အတွက် စိတ်ကျန်းမာစေမယ့် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပြီပေါ့။

ကိုယ်ကြိုက်နှစ်သက်တာတွေ လုပ်ပါ

စိတ်ပျော်အောင် နေဖို့အရမ်းအရေးကြီးတယ်နော်။ ကိုယ်ကြိုက်နှစ်သက်တာတွေ လုပ်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာနေမှာမလို့ စိတ်ပျော်စေမယ့် ဝါသနာပါတာလေးတွေ လုပ်ပေးပါ။ ရုံးအပြန်အချိန်တွေမှာ တစ်ယောက်တည်း ညဘက်တွေကို ဖြတ်ကျော်ရတယ်ဆိုရင် ချစ်တို့ တစ်ယောက်တည်း ကြောက်စိတ် အထီးကျန်စိတ် မဝင်ရအောင် ကိုယ်ကြိုက်နှစ်သက်သာတွေ လုပ်ပေးပါ။

စိတ်ဖိစီးမှုတွေကို ဖယ်ရှားနိုင်တဲ့ အလေ့အကျင့်ကောင်း မွေးမြူပါ

စိတ်ဖိစီးမှုတွေကို ဖယ်ရှားနိုင်မှ စိတ်ကျန်းမာရေး ကောင်းမွန်မှာပါ။ စိတ်ဖိစီးမှုတွေ ရှိနေရင် ချစ်တို့စိတ်ထဲ အဆင်မပြေတဲ့အပြင် ကျန်းမာရေးပါ ချို့ယွင်း လာနိုင်ပါတယ်။ ဒီတော့ စိတ်ငြိမ်ဖို့အတွက် သီချင်းအော်ဆိုတာ၊ ရုပ်ရှင်ကြည့်တာ၊ ကတာနဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးလည်း လုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ (photo: depositphotos.com/)

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

ခန္ဓာကိုယ် လှုပ်ရှားမှုတွေ ကောင်းကောင်း ရှိနေပါစေနော်။ ခန္ဓာကိုယ် လှုပ်ရှားမှု ကောင်းကောင်း ရှိနေတယ်ဆိုရင် စိတ်ထဲမှာ မအီမသာ ဖြစ်တာမျိုး၊ တခုခု လျှောက်တွေးတာမျိုး မဖြစ်တော့ပါဘူး။

တွေးကြောက်တာတွေ လျှော့ပါ

ကိုယ့်ရဲ့စိတ် သန်မာလာဖို့ဆိုတာ ကိုယ့်ရဲ့ အတွေးတွေနဲ့လည်း ဆိုင်ပါတယ်နော်။ ကိုယ့်ရဲ့ အတွေးတွေက မပျော်ဘူး၊ စိတ်ညစ်စရာတွေ စိုးရိမ်စရာတွေပဲ တွေးနေတယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ စိတ်မသန်မာလာနိုင်သလို ပြဿနာ တစ်ခုခု ကြုံလာရင်လည်း ခံနိုင်ရည် မရှိတာမျိုး ဖြစ်လာနိုင်တယ်လေ။ ဒီတော့ ကိုယ့်ရဲ့ အတွေးတွေကလည်း စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ စိုးရိမ်စရာ မဖြစ်နေဖို့ လိုပါတယ်။

တွေးကြောက်တာတွေ လျှော့ပါ

တွေးကြောက်တာတွေ လျှော့ပါ (photo: depositphotos.com/)

အိပ်ပျော်ဖို့ ကြိုးစားပါ

အထီးကျန်တဲ့အခါ စိတ်ဓါတ်ကျတဲ့အခါတွေမှာ အိပ်မပျော်တာက နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။အတွေးတွေ လျှောက်တွေးရင်းနဲ့ အိပ်ပျော်ဖို့ ခက်လာပြီး ညကောင်းကောင်း အိပ်မပျော်တာတွေ ဖြစ်လာမှာ သေချာပါတယ်။ အဲဒီအခါကျရင် ခန္ဓာကိုယ် ကျန်းမာရေးကလည်း ထိခိုက်လာမှာပါ။ အိပ်ချိန်သေချာ သတ်မှတ်ထားပြီး အဲဒီအချိန် မျက်စိလေးမှိတ် ဘာမှ မတွေးဘဲ စိတ်ကိုငြိမ်ငြိမ်ထားပါ။ တရားထိုင်တာမျိုးလည်း လုပ်ကြည့်ပါ။ အဲဒါတွေက အိပ်ပျော်စေနိုင်ပါတယ်။

စိတ်ကျန်းမာနေရင် အရာရာ အဆင်ပြေနေတာမလို့ အရင်ဆုံး စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုတယ်နော်။ ချစ်တို့ စိတ်ရောကိုယ်ပါ အဆင်ပြေအောင် ဒီအလေ့အကျင့်ကောင်းတွေ မွေးမြူထားလိုက်ပါ။

Comments

0 comments