Advertisement

ကိုယ့်ယောက်ျားက အိမ်မှုကိစ္စတွေ လုပ်ပေးတဲ့အခါမှာလည်း ပျော်ရွှင်ကြောင်းနဲ့ အသိအမှတ်ပြု ချီးကျူးကြောင်းတွေ ပြောပေးဖို့ မမေ့လိုက်ပါနဲ့နော်

အရင်တုန်းကလိုပဲ ယောက်ျားကပဲ အလုပ်လုပ်၊ မိန်းမကပဲ အိမ်မှုကိစ္စတွေလုပ် မဟုတ်တော့ပါဘူးနော်။ နှစ်ယောက်စလုံး အလုပ်ကိုယ်စီ လုပ်နေကြတဲ့ စုံတွဲတွေ အများကြီးပါပဲ။ အိမ်ထောင်တစ်ခု သာယာတည်မြဲဖို့ဆိုတာ ဒီအိမ်ထောင် အဆင်ပြေရေးအတွက် နှစ်ယောက်စလုံး တက်ညီလက်ညီဖြစ်နေရမယ်လေ။ အလုပ်တွေလည်း အတူတူ လုပ်ရင်း၊ အိမ်မှုကိစ္စတွေလည်း အတူတူ လုပ်ရမှာပေါ့။ ကိုယ့်ယောကျာ်းက အိမ်အလုပ်တွေ ကူမလုပ်ပေးဘူးဆိုရင် လုပ်ပေးချင်အောင်တော့ ပြောပြပြီး အကူအညီတောင်းရမယ်လေနော်။ ဘယ်လို အကူအညီတောင်းမလဲ ပြောရအောင်နော်။

ကူလုပ်ပေးဖို့ စိတ်ပါလာအောင် (photo: plus.amanaimages.com)

အကူအညီ လိုအပ်ကြောင်း ပြောပါ

ဘယ်သူမဆို အကူအညီ လိုအပ်တယ် ပြောမှ ပိုကူညီချင်ကြတယ်မလား။ ကိုယ့်ယောက်ျားလည်း ဒီလိုပဲပေါ့။ အိမ်ထောင်ရှင် မိန်းကလေးက ကိုယ့်ယောက်ျားရဲ့ အကူအညီလိုနေကြောင်း ပြောတတ်ဖို့ လိုတယ်လေ။ ပြောတဲ့အခါမှာလည်း ကြည်အေးချိုသာ အသံလေး၊ အပြုအမူလေးနဲ့ ပြောဖို့ လိုပါတယ်နော်။ ကိုကိုရေ ဒီကတော့ ဘယ်လိုမတတ်လို့ ကူညီပေးဦးနော်တို့၊ ကိုကိုသာ ကူညီပေးလိုက်ရင် အိမ်မှုကိစ္စတွေက ဘယ်လိုချောမွေ့ အဆင်ပြေသွားမှာတို့ပေါ့။ အဲဒီလို အပြောလေးတွေနဲ့ အကူအညီ လိုအပ်ကြောင်း ပြောပါ။

ချီးကျူး ပေးဖို့ မမေ့ပါနဲ့

ကိုယ့်ယောက်ျားက အိမ်မှုကိစ္စတွေ လုပ်ပေးတဲ့အခါမှာလည်း ပျော်ရွှင်ကြောင်းနဲ့ အသိအမှတ်ပြု ချီးကျူးကြောင်းတွေ ပြောပေးဖို့ မမေ့လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ တချို့တွေက အိမ်ထောင်တစ်ခုမှာ လုပ်ရမယ့် တာဝန်ပဲဆိုပြီး မသိချင်ယောင် ဆောင်နေတာတွေ ရှိပါတယ်။ တကယ်တော့ ကူပေးတဲ့ ကိုယ့်ယောက်ျား စိတ်ကျေနပ်အောင် အသိအမှတ်ပြု ချီးကျူးပေးရမှာနော်။ ဒါမှ သူလည်း ကူညီရကျိုး နပ်မှာပေါ့။

အကူအညီ လိုအပ်ကြောင်း ပြောပါ (photo: amanaimages.com)

နားလည်မှု ယူပါ

အိမ်ထောင်ရှင် မိန်းကလေးတို့ရေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အဆင်ပြေတာတွေ၊ မပြေတာတွေ ပြောပြတဲ့အခါမှာ အပြုသဘောဆောင်ပြီး အိမ်မှုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းမို့ နည်းနည်း ပင်ပန်းနေကြောင်း ပြောပြပါ။ ဒါဆိုရင် ကိုယ့်အခက်အခဲတွေကို သူသိသွားပြီး ကူညီပေးမှာပါ။ အပြောကောင်းဖို့တော့ စွမ်းဆောင်ရမယ်နော်။

အရိပ်အခြေအနေ သိပါစေ (Photo: shutterstock.com)

အရိပ်အခြေအနေ သိပါစေ

အိမ်မှုကိစ္စ ကူခိုင်းဖို့ ပြောတဲ့အချိန်မှာလည်း ကိုယ့်ယောက်ျားရဲ့ အရိပ်အခြေအနေကို အကဲခတ်တတ်ဖို့ လိုတယ်နော်။ အလုပ်က ပြန်ပြန်လာချင်း ဒါမှမဟုတ် စိတ်မကြည်နေတဲ့အချိန်တွေမှာတော့ အလုပ်တွေ လုပ်ပေးဖို့ ပြောလို့ မရဘူးလေနော်။ ကိုယ့်ယောက်ျားစိတ်ကြည်လင်နေတဲ့အချိန်လေး အကဲခတ်ဦးနော်။

အိမ်ထောင်ရှင်မလေးတို့ ပင်ပန်းနေပြီဆိုရင် ကိုယ့်ယောက်ျားကို ဒီလိုနည်းလမ်းတွေနဲ့ အကူအညီတောင်းနော်။

 

Comments

0 comments
Advertisement