Advertisement

အပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူပြီး အောက်ဆီဂျင်တွေ ထုတ်ပေးတာမို့ ကိုယ့်ရဲ့ အသက်ရှူခြင်း ကျန်းမာရေးကို ကောင်းစေပါတယ်။

အိမ်မှာနေရင်း ဘယ်မှမထွက်ရလို စိတ်ထဲ မွန်းကြပ်နေပြီလား။ ကိုယ့်အိမ်မှာပဲ စိတ်ချမ်းသာအောင် ပျော်စရာလေးတွေ ရှိအောင် ဖန်တီးလို့ ရတယ်နော်။ အဲဒါကတော့ အိမ်မှာနေရင်း အပင်လေးတွေ စိုက်တာပါပဲ။ ဘာအပင်လေးပဲဖြစ်ဖြစ် သေးသေးကြီးကြီး စိုက်ကြည့်ဖို့ပါ။

အောက်ဆီဂျင်တွေ ပေးတယ်

သစ်ပင်လေးတွေ စိုက်တာက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအပြင် ကိုယ်ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။ အပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူပြီး အောက်ဆီဂျင်တွေ ထုတ်ပေးတာမို့ ကိုယ့်ရဲ့ အသက်ရှူခြင်း ကျန်းမာရေးကို ကောင်းစေပါတယ်။

အဖော်ရစေတယ်

 အိမ်မှာနေရင်း တစ်ယောက်တည်း စိတ်မချမ်းသာသလို ခံစားနေရတယ်ဆိုရင် အပင်လေးတွေက အဖော်ရစေမှာ သေချာပါတယ်။ တချို့ဆို အပင်လေးတွေနဲ့ စကားပြောတာမျိုးပေါ့။ ကိုယ့်ကို စိတ်ပြေလက်ပျောက် ဖြစ်စေတယ်လေနော်။ သူတို့ရဲ့ ရှင်သန်ခြင်းကို စောင့်နေရတာကိုက ကိုယ်က မျှော်လင့်ချက်လေး တစ်ခု ရှိသလို ခံစားနေရတာမို့ မျှော်လင့်ချက် ပျောက်ဆုံးနေတာမျိုးတွေ မဖြစ်စေတော့ဘူးပေါ့။

ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတယ်

အိမ်မှာနေရင်း အပင်စိုက်တာက ကိုယ့်ကို ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတယ်နော်။ ပန်းပင်လေးတွေကို ပြုစုပေးရတာက ကိုယ့်ကို လှုပ်ရှားနေစေသလို ဖြစ်စေတာမလို့ ကိုယ်လည်းကျန်းမာမှာပါ။ ဒီတော့ နုံးချိချိကြီး ဖြစ်လို့ စိတ်ညစ်ရတာမျိုး မရှိတော့ဘူးပေါ့။ ဒီလိုဆို စိတ်ဖိစီးမှုတွေလည်း လျော့ကျစေတယ်လေ။

အထီးကျန်တာကို သက်သာစေတယ်

အလုပ်ကိစ္စကြောင့်ပဲ ဖြစ်ဖြစ် အဝေးတစ်နေရာကို ရောက်နေလို့ပဲ ဖြစ်ဖြစ် တစ်ယောက်တည်းနေရတယ်ဆိုရင် အရင်ဆုံး အပင်စိုက်ကြည့်ပါ။ အပင်စိုက်တာက အထီးကျန်တာကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ဟိုဟိုဒီဒီ လျှောက်တွေးနေစေတဲ့ အတွေးတွေကို ရပ်စေပြီး ကိုယ့်စိတ်အာရုံကို စုစည်းရာ ကျပါတယ်။

စိတ်ပျော်စေတယ်

ဒါကတော့ အပင်စိုက်တဲ့သူတိုင်း မျက်ဝါးထင်ထင် ရနိုင်တဲ့ ပျော်ရွှင်မှု တစ်ခုပါပဲ။ ကိုယ့်အပင်လေး နေကောင်းကျန်းမာနေတယ် လန်းလန်းဆန်းဆန်း ရှိနေတယ်ဆိုရင် ပျော်ရမှာ အသေအချာပါပဲ။ နောက်ပြီး ပန်းလေးတွေ ပွင့်လာတာ အသီးလေးတွေ သီးလာတာ မြင်ရရင်လည်း စိတ်လန်းဆန်းပြီး ဘာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုတွေ ရမှာပါ။

 

Comments

0 comments