Advertisement

လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိကြတာပါပဲ။ အကြောင်းအရာမျိုးစုံ၊ ပြဿနာ မျိုးစုံနဲ့ စိတ်ဖိစီးတတ်တယ်နော်။ ချစ်လေးတို့မှာလည်း စိတ်ဖိစီးမှုတွေ ရှိကြမှာပါပဲ။ အလုပ်၊ သမီးရည်းစား၊ မိသားစု အစရှိတာတွေနဲ့ပေါ့။ စိတ်ဖိစီးမှုမရှိဘူးဆိုတာ မရှိပေမယ့် အများကြီး မဖြစ်အောင် နည်းသထက်နည်းအောင်တော့ လုပ်ရမယ်လေ။ စိတ်ဖိစီးမှုများတာက ဘယ်လိုနည်းနဲ့မှ မကောင်းတာမလို့ သေချာတိုက်ထုတ်လိုက်ရအောင်။

မဖြစ်တာတွေ တွေးပူတာ လျှော့ပါ

တချို့ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေက အတွေးတွေကနေ လာတာပါ အဲဒီအတွေးတွေက ဘာတွေလဲဆိုတော မဖြစ်သေးတာတွေကို ပူတာပါ။ အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ၊ ငါဘယ်လိုနေရမလဲ အစရှိသလိုမျိုး မဖြစ်သေးတာတွေကို တွေးပူပြီး သောက များတတ်တာတွေပါ။ အလုပ်အသစ်က ရှာဖို့ လွယ်ပါ့မလား၊ မရရင် ဘာဖြစ်မလဲပေါ့။ အဲဒီလိုတွေ မတွေးပါနဲ့။ တွေးမိရင်လည်း ဖြစ်မှ မဖြစ်သေးတာ ဖြစ်လာရင် အဆင်ပြေသွားမယ်လို့ ပြန်တွေးထား။ ဒါမှ စိတ်ဖိစီးမှု နည်းမှာ။

ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး

ကိုယ့်ဆီမှာ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေမှာပါပဲ။ အခု လက်ရှိခံစားနေရတဲ့ စိတ်ညစ်နေရတဲ့ ပြဿနာတွေဟာ အကြာကြီး မဟုတ်ဘူး။ အချိန်တန်ရင် ပြီးသွားမှာပဲ။ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အကြာကြီး မမြဲဘူးဆိုတာ နှလုံးသွင်းပါ။

(photo: www.thehtgroup.com/)

သူများတွေကို လိုက်မကြည့်နဲ့

သူများတွေကို လိုက်ကြည့်တာကလည်း စိုးရိတ်စိတ်တွေ ဖြစ်စေပြီး အဲဒီကနေ တဆင့် စိတ်ဖိစီးမှုတွေ ဖြစ်တတ်တယ်။ သူများတွေကတော့ ဘယ်လိုတွေ စုမိနေပြီ ငါ့မှာတော့ ဘာမှမရှိသေးဘူး၊ ဘာမှလည်း မတက်ရသေးဘူး။ သူများတွေက ဘွဲ့တွေ ဘယ်နှစ်ဘွဲ့ အဲဒီလိုအစရှိတာတွေကြောင့် စိတ်ဖိစီးရတတ်တာမို့ လိုက်မကြည့်ပါနဲ့။ ကိုယ်နဲ့ မနှိုင်းယှဉ်ပါနဲ့နော်။ ကြိုးစားဖို့ နောက်မကျသေးသလို စောလည်းမစောတော့တာမို့ တဖြည်းဖြည်း ပုံမှန်သာ ကြိုးစားသွားပါ။

ကိုယ့်ကိုယ်ကို ချစ်ပါ

စိတ်ဖိစီးမှုဆိုတာ သူများတွေကို လိုက်ပြီး စိုးရိမ်ပူပန်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ်ဝါသနာပါတာ လုပ်ကြည့်တာ၊ ယုံကြည်မှု ပြန်ရဖို့ လေ့ကျင့်ခန်း လုပ်တာ၊ သင်တန်းတက်တာ၊ အလှပြင်တာ အစရှိတာတွေ ကိုယ့်ကိုယ်ကို ချစ်ပြီး လုပ်ကြည့်ပါ။ ဒါက စိတ်ဖိစီးမှုတွေကို သက်သာစေမယ့် နည်းပါပဲ။

တရားထိုင်ပါ

စိတ်ဖိစီးမှုတွေ များနေပြီဆိုရင်တော့ စိတ်တည်ငြိမ်အောင် လုပ်ဖို့ လိုပါတယ်။ စိတ်တည်ငြိမ်အောင်လို့ တရားမှတ်တာ၊ ဝင်လေထွက်လေ မှတ်တာမျိုး လုပ်ကြည့်ပါ။ စိတ်တွေ ပျံ့လွင့်တာမျိုး မရှိတော့ဘူးဆိုရင် စိတ်ဖိစီးမှုတွေ နည်းလာမှာပါ။

အနားယူချိန်ထားပါ

စိတ်ဖိစီးမှုတွေ များနေတယ်ဆိုရင် စိတ်ကို အနားပေးဖို့ လိုပါတယ်။ အနားယူချိန် သီးသန့် ရှိနေပါစေနော်။ တပတ်မှာ အနည်းဆုံး တစ်ရက်လောက်တော့ စိတ်ရောကိုယ်ပါ အနားယူပေးပါ။ ဒါဆိုရင် စိတ်ဖိစီးမှု နည်းနည်း သက်သာလာမှာပါ။

စိတ်ဖိစီးတယ်ဆိုတာက နေ့စဉ်ဘဝကိုပါ ထိခိုက်စေတဲ့အရာမို့ သေချာတိုက်ထုတ်နိုင်ဖို့ လိုတယ်နော်။ ဒီနည်းလမ်းတွေ သုံးကြည့်ပါဦး။

Comments

0 comments