Advertisement

အလုပ်ကြောင့် စိတ်ဖိစီးနေရင် အလုပ်တွေ မပြီးတာလည်း ပိုဖြစ်တတ်ပြီး အချိန်ကြာနေတဲ့အပြင် အလုပ်ထွက်ချင်စိတ်ပါ ပေါက်လာမှာ သေချာပါတယ်။

ချစ်တို့ရေ အလုပ်ကြောင့် စိတ်ဖိစီးတာမျိုး ကြုံဖူးကြမှာပါ။ အလုပ်တွေက များ၊ လုပ်ရမှာတွေက ခဏလေးနဲ့မပြီးတော့ စိတ်ကမပါ ဖြစ်တတ်ပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းနေရတာမျိုးပေါ့။ အလုပ်ကြောင့် စိတ်ဖိစီးနေရင် အလုပ်တွေ မပြီးတာလည်း ပိုဖြစ်တတ်ပြီး အချိန်ကြာနေတဲ့အပြင် အလုပ်ထွက်ချင်စိတ်ပါ ပေါက်လာမှာ သေချာပါတယ်။ ဒီတော့ အလုပ်ကြောင့် စိတ်ဖိစီးမှု မဖြစ်ရအောင် ဘာတွေလုပ်ကြမလဲ ဖတ်ကြည့်ရအောင်နော်။

(၁) ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး

ချစ်တို့ရေ ကိုယ်တစ်ယောက်တည်းဆိုတဲ့စိတ်က ပိုပြီးတော့ စိတ်ဖိစီးစေပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နေတယ်ဆိုရင် စိတ်ညစ်ပြီး စိတ်ရောကိုယ်ပါ စိတ်ညစ်နေရတတ်တာမို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာမျိုး လုပ်ပါ။ သူတို့မှာရော ဘယ်လိုစိတ်ဖိစီးမှုတွေ ဖြစ်နေလဲဆိုတာ သိရရင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ အဆင်ပြေမှာပါ။

ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး (photo: verywellmind.com/)

(၂) Plan တွေနဲ့အချိန်ဇယားရှိပါစေ

အလုပ်ကြောင့် စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာ တစ်ခါတလေမှာ ကိုယ့်ရဲ့ အချိန်စီမံခန့်ခွဲမှု ညံ့တာကြောင့်လည်း ပါပါတယ်။ ကိုယ့်ရဲ့ အလုပ်တွေ အချိန်မီ မပြီးတာ အချိန်မီ မလုပ်တာက စိတ်ဖိစီးစေတယ်လေ။ ဒါကြောင့်မလို့ ကိုယ့်ရဲ့ အလုပ်မှာ တစ်နေ့စာ တစ်နေ့ ဘယ်အချိန်မှာ ဘာတွေပြီးပြတ်အောင် လုပ်မလဲဆိုတဲ့ အစီအစဥ◌်နဲ့ အချိန်ဇယား ရှိပါစေ။

(၃)အလုပ်တွေပြီးတိုင်း ချီးကျူးပါ

ချစ်တို့ရေ အလုပ်တစ်ခု ပြီးသွားတိုင်း ကိုယ့်ကိုယ်ကို ချီးကျူးတတ်တဲ့ အလေ့အကျင့်ကောင်းလေး မွေးမြူထားပါ။ အလုပ်တစ်ခု ပြီးတိုင်း ငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ အတွေးကို တွေးထားပြီး ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်ပါစေ။ ဒါဆိုရင် အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု အရမ်းနည်းလာမှာပါ။

(၄) လုပ်ဖော်ကိုင်ဖက်တွေအပေါ် စိတ်လျှော့ပါ

ဒါကိုဘာကြောင့် ပြောရလဲဆိုရင် တစ်ခါတလေ စိတ်ဖိစီးမှုတွေက ကိုယ်နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက လာတတ်တာကြောင့်ပါ။ သူက အလုပ်မပြီးလို့ ကိုယ်ကပါ လုပ်ရမှာတွေ ရှေ့ဆက်မရတာမျိုးပေါ့။ သူ့ကို စိတ်မကြည် စိတ်မရှည်ဘဲ အားမလို အားမရတာတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ အချင်းချင်း အဆင်မပြေတာတွေ ဖြစ်လာရရောလေ။ ဒီလိုဆိုရင်လည်း ကိုယ်ပဲ စိတ်ဖိစီးရမှာမလို့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စိတ်လျှော့ပါ။

(၅) ကိုယ့်ကို ခွန်အားတက်စေမယ့် စာတွေ လူတွေနဲ့နီးပါစေ

ချစ်တို့ရေ အလုပ်ကြောင့် စိတ်ဖိစီးကြရတာ လူတိုင်းပါပဲ။ ဒါကို ကျော်ဖြတ်ကြတဲ့ နည်းလမ်းတွေပဲ ကွာခြားကြတာပါ။ ချစ်တို့မှာ ကိုယ့်ကို အလုပ်နဲ့ ပတ်သက်ပြီး ခွန်အားတက်စေမယ့် စာတွေ အဆိုအမိန့်တွေ မိုတီဗေးရှင်းတွေနဲ့ နီးနီးကပ်ကပ် ရှိနေပါစေ။ နောက်ပြီး ကိုယ့်ကို ခွန်အားတက်စေမယ့် လူတွေနဲ့ စကားပြောပါ။ အလုပ်မှာ စိတ်ညစ်နေပါတယ်ဆိုမှ ကိုယ့်ကို အသုံးမကျလို့နေမှာပေါ့လို့ ပြောမယ့်သူတွေနဲ့ ရှောင်နေလိုက်ပါ။ အလုပ်ကြောင့် စိတ်ဖိစီးမှု ကြုံလာတိုင်း ကိုယ်ဘာကြောင့် အလုပ်လုပ်တယ် ဘယ်သူ့အတွက် အလုပ်လုပ်တယ်ဆိုတာ ပြန်တွေးပါ။ ဒါဆို အားတက်လာနိုင်ပါတယ်။

(၆) အနားယူပါ

ချစ်တို့ရေ အလုပ်တွေချည်းပဲ တောက်လျောက်လုပ်နေတာကလည်း စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်တယ်နော်။ ဒီတော့ ပိတ်ရက်တွေနဲ့ နားရက်တွေမှာ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။ ကျန်တဲ့ရက်တွေမှာ အားအင်အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ အတွက်ပေါ့။ ခရီးတွေ ထွက်ချင်တယ်ဆိုရင်လည်း ထွက်ပါ။

(၇) လူမှုရေးနဲ့ အလုပ် ခွဲထားပါ

ချစ်တို့ရေ ဒီအချက်ကလည်း တကယ့်ကို လိုအပ်တဲ့အချက်ပါပဲနော်။ ဘာလို့လဲဆိုတော့ လူမှုရေးတွေမှာ အဆင်မပြေဖြစ်နေရင်လည်း အလုပ်မှာ အဆင်မပြေတာတွေ ဖြစ်လာတတ်တယ်လေနော်။ အလုပ်သေချာ မလုပ်နိုင်တော့ရင် စိတ်ဖိစီးမှုတွေက ဝင်လာမှာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာသုံးသပ်ထားပါ။

အနားယူပါ (photo: www.verywellmind.com/)

(၈) အကောင်းမြင်စိတ်ထားပါ

ဒီအချက်ကလည်း ချစ်တို့အတွက် အရေးကြီးတဲ့ အချက်ပါ။ အလုပ်အပြင် တခြားနေရာတွေမှာပါ လိုအပ်တဲ့ အချက်ပေါ့။ အဲဒါကတော့ အကောင်းမြင်စိတ် ထားဖို့ပါ။ အလုပ်မှာ ငါပဲ လုပ်ရတယ် ငါပဲ ပင်ပန်းနေတယ်ဆိုတာတွေက ကိုယ့်ကို ပိုပြီး စိတ်ဖိစီးစေပါတယ်။ အကောင်းမြင်စိတ်ထားပြီး ကိုယ့်အတွက် လုပ်ခွင့်ပိုရလေ ပိုတိုးတက်လေပဲ ဆိုတာတွေ တွေးထားပါ။ အကောင်းမြင်စိတ် ရှိတဲ့သူတွေအနားမှာပဲ နေပါ။

(၉) တတ်ကျွမ်းအောင် လုပ်ဆောင်ပါ

ချစ်တို့ အလုပ်မှာ ပင်ပန်းပြီး စိတ်ဖိစီးနေတာက အလုပ်သေချာ မကျွမ်းကျင်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အလုပ်မှာ ကိုယ်တကယ်တတ်ကျွမ်းရင် အလုပ်လုပ်ရမှာ တွေးမကြောက်နေတော့ဘဲ မြန်မြန်ဆန်ဆန် အလုပ်ပြီးမှာမလို့ စိတ်ဖိစီးမှု နည်းနိုင်ပါတယ်။ အလုပ်ချိန်ပြင်ပမှာလည်း သင်တန်းတက်တာ စီနီယာတွေဆီက သင်တာ အစရှိသလို လေ့လာပါ။

(၁၀) အကူအညီတောင်းပါ

ချစ်တို့ရေ ကိုယ်တစ်ယောက်တည်း ပင်ပန်းပြီး စိတ်ဖိစီးမှုတွေ များနေတယ်ဆိုရင် ကိုယ့်မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းကြည့်ပါ။ သူတို့ကူညီပေးနိုင်တာ ရှိရင် အလုပ်မှာစိတ်ဖိစီးမှု နည်းလာနိုင်တယ်လေ။ ကိုယ့်အထက်အရာရှိကိုပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ထားကြည့်ပါ။ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီးတော့တော့ တိုင်ပင်တတ်ဖို့ လိုတယ်နော်။

 

ချစ်တို့ရေ အလုပ်မှာ စိတ်ဖိစီးမှုတွေ ကြုံနေရရင်တော့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အကြံပေးလိုက်တယ်နော်။

Tags: lifestylework

Comments

0 comments