Advertisement
ကိုယ့်ချစ်သူနဲ့ နေ့နံကိုက်ရဲ့လား

ကိုယ်ချစ်တဲ့သူနဲ့ နေ့နံမကိုက်လို့ဆိုပြီး စိတ်မပူပါနဲ့။ ဗေဒင်တွက် ယတြာချေတာတွေ လုပ်လို့ရတဲ့အပြင် ကိုယ့်ရဲ့ဖူးစာဆိုတဲ့ ကံကလည်း ရှိသေးတယ်လေနော်။

ချစ်သူတို့ ရွှေလက်တွဲဖို့ နေ့နံမကိုက်ဘူးဖြစ်နေလား၊ တချို့တွေမှာတော့ နေ့နံကိုက်ပေမယ့် တချို့ကတော့ မကိုက်ကြပြန်ပါဘူး။ အယူရှိတဲ့သူလည်း ရှိသလို ချစ်ရင်လက်တွဲမြဲတယ်လို့ ခံယူထားတဲ့သူတွေလည်း ရှိပါတယ်။ စုံတွဲလေးတို့က နေ့နံမကိုက်တာကို အဆင်ပြေအောင် လုပ်ချင်တယ်ဆိုရင်တော့ လုပ်ရမယ့် အချက်တွေ ရှိပါတယ်။

ဗေဒင်တွက်ပါ

နေ့နံ ကိုက် မကိုက် သိရဖို့ အရင်ဆုံး တတ်ကျွမ်းတဲ့သူဆီမှာ မေးမြန်းပါ။  တကယ်လို့ ဆရာက နေ့နံမကိုက်ဘူးလို့ ဟောထားရင်တော့ သေချာလေး လုပ်ဆောင်ဖို့ လိုပါတယ်။  မင်္ဂလာဆောင်မယ့် ရက်ကနေလည်း နေ့နံကိုက်အောင် လုပ်လို့ရတာမို့ စုံတွဲလေးတို့ မင်္ဂလာဆောင်မယ့် ရက်ကိုလည်း တွက်ပါ။

 

လုပ်ဆောင်ရမယ့်အရာ

စုံတွဲလေးတို့ရေ နေ့နံ ကိုက် မကိုက်ကို ဗေဒင်ဆရာက တွက်နေမှာ ဖြစ်ပြီး နက္ခတ်ကြည့်တာမျိုးလည်း လုပ်ပေးမှာပါ။ တော်တော်များများကတော့ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဆိုရင် နေ့နံမကိုက်ဘူးလို့ ဆိုကြပါတယ်။ အကယ်လို့ နေ့နံမကိုက်ရင် အိမ်ထောင်ဦး ဘုရားဆင်းတုတော်ကို နေ့နံကိုက်အောင် ထုဆစ်ပူဇော်တာမျိုး လုပ်လို့ ရပါတယ်။ ယောကျာ်းလေးရဲ့ နေ့နံကို ဘုရားဆင်းတု၊ မိန်းကလေးရဲ့ နေ့နံကို ပလ္လင်လုပ်ပြီး ဘုရားဆင်းတုတော် ပူဇော်တာမျိုး လုပ်လေ့ ရှိပါတယ်။ ထုဆစ်ရမယ့် အသားကိုတော့ ဗေဒင်ဆရာတွက်ချက်ပေးမှာပါ။ ဘုရားစောင်းတန်း တော်တော်များများမှာ လိုချင်တဲ့ အသားနဲ့ ဘုရားဆင်းတုတော် ထုဆစ်လို့ ရပါတယ်။ ရက်နည်းနည်း ကြာတတ်တာမို့ ရက်ကြိုပြီး အပ်ဖို့တော့ လိုပါတယ်နော်။

စိတ်အေးအေးထားပါ

တချို့စုံတွဲလေးတွေက ချစ်သူဖြစ်နေချိန်အတွင်းမှာ နေ့နံကိုက်တာ မကိုက်တာတွေ မတွေးမိကြဘဲ မင်္ဂလာဆောင်တော့မယ်ဆိုတာ နေ့နံမကိုက်တာ သိတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါကျမှ စိတ်တွေ ညစ်တတ်ပြီး စိုးရိမ်လာတတ်ပါတယ်။ တကယ်တော့ စိတ်ကို အေးအေးပဲထားပါ။ အဆင်ပြေစေမယ့် ယတြာတွေ နည်းလမ်းတွေ လုပ်ပါ။ အချိန်ယူပြီး လုပ်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ။

ကိုယ်ချစ်တဲ့သူနဲ့ နေ့နံမကိုက်လို့ဆိုပြီး စိတ်မပူပါနဲ့။ ဗေဒင်တွက် ယတြာချေတာတွေ လုပ်လို့ရတဲ့အပြင် ကိုယ့်ရဲ့ဖူးစာဆိုတဲ့ ကံကလည်း ရှိသေးတယ်လေနော်။ ဒါကြောင့် စိတ်အေးအေးထားပြီး ချစ်နိုင်ဖို့ပဲ တွေးပါ။

Comments

0 comments