Advertisement

ကိုယ်လိုချင်တဲ့ ဓာတ်ပုံမျိုးကို ဖန်တီးပေးနိုင်မယ်လို့ ထင်ရတဲ့ ဓာတ်ပုံဆရာမျိုးကို တွေ့ပြီဆိုပါစို့။ ကိုယ့်စိတ်တိုင်းကျ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါ့မလား

မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲတွေ အတွက် Pre-Wedding ဓာတ်ပုံလေးတွေ အလှဆုံး အကောင်းဆုံးဖြစ်နေဖို့ဆိုတာ ရိုက်ကူးပေးမယ့် ဓာတ်ပုံဆရာအပေါ် အများကြီးမူတည်ပါတယ်။ ကိုယ့်ရဲ့ မင်္ဂလာအကြိုဓာတ်ပုံလေးတွေ အကောင်းဆုံး ဖြစ်နေအောင်လို့ ဓာတ်ပုံပညာရှင်ကို ရွေးချယ်တဲ့အခါ အခုဖော်ပြမယ့် အချက်လေးတွေတွေနဲ့ ချိန်ကိုက်ပြီး ရွေးချယ်ဖို့ Marry ကနည်းလမ်းတွေပေးလိုက်တယ်နော်။

ပထမဆုံး အနေနဲ့ ဓာတ်ပုံဆရာရွေးချယ်ဖို့ စဉ်းစားရမယ့် အခြေခံ အချက်များ

ငွေကြေး

Pre-Wedding ရိုက်ဖို့အတွက် ငွေဘယ်လောက်သုံးမလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ပြီးမှ ကိုယ်သုံးမယ့် ငွေပမာဏ ဘောင်ထဲကနေ ဓာတ်ပုံဆရာကို ရွေးချယ်ပါ။

လက်ရာ

ဓာတ်ပုံဆရာတွေက တစ်ယောက်နဲ့ ဖန်တီးမှုလက်ရာတွေ မတူကြပါဘူး။ ဖန်တီးမှုလက်ရာ မတူဘူးဆိုတာ ပေးရတဲ့ ငွေပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှုမရှိပါဘူး။ တချို့ဓာတ်ပုံဆရာတွေက Indoor ထဲမှာ ရိုက်တာ အရမ်းကောင်းပါတယ်။ တချို့တွေကတော့ Out door ထွက်ရိုက်တာကောင်းပါတယ်။ တချို့တွေကတော့ Creation ဆန်းဆန်းလေးတွေနဲ့ ဖန်တီးပြီးရိုက်တတ်တော့ ကိုယ်ရိုက်ချင်တဲ့ ပုံစံအပေါ်မှာမူတည်ပြီး အားသာတဲ့ ဓာတ်ပုံဆရာကို ရွေးချယ်သင့်ပါတယ်။ ဘယ်ဓာတ်ပုံဆရာက ဘာတွေမှာ အားသာလဲဆိုတာ သိနိုင်ဖို့တော့ သူတို့ဖန်တီးဖူးတဲ့ လက်ရာတွေကို ရှာဖွေမွှေနှောက်ကြည့်ဖို့လိုပါတယ်။ ဒါကတော့ သိပ်မခက်ပါဘူး ဓာတ်ပုံဆရာတွေကို Social Network တွေမှာ follow လုပ်ထားပေါ့။ ကိုယ်လိုချင်တဲ့ ဓာတ်ပုံမျိုးကို ဖန်တီးပေးနိုင်မယ်လို့ ထင်ရတဲ့ ဓာတ်ပုံဆရာမျိုးကို တွေ့ပြီဆိုပါစို့။ သူဟာတကယ်ပဲ ကိုယ့်စိတ်တိုင်းကျ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါ့မလား။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာမျိုး မဖြစ်အောင်လို့ အခုပြောပြမယ့် အချက်ကလေးတွေကိုတော့ လုပ်ဆောင်ဖို့ လိုမယ်နော်။

ကင်မရာကတဆင့် မြင်ရတဲ့ ဓာတ်ပုံ

သွားတွေ့ပါ

ဓာတ်ပုံဆရာကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဓာတ်ပုံရိုက်ဖို့ကို ဒီအတိုင်း စာရင်းပေးရုံနဲ့ မချိန်းဆိုလိုက်ပါနဲ့ ။ ဓာတ်ပုံဆရာကို ကိုယ်တိုင် ကိုယ်ကျ သွားတွေ့ဖို့လိုပါတယ်။သတို့သမီးရော၊ သတို့သားရော နှစ်ယောက်စလုံးက ကိုယ့်ကို ရိုက်ကူးပေးမယ့် ဓာတ်ပုံဆရာနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ဖို့လိုပါတယ်။

ကိုယ့်စိတ်ကူးတွေကို ပြောပြပါ

ဘယ်လိုဓာတ်ပုံမျိုးတွေကို ကိုယ်လိုချင်တာလဲ၊ ဘယ်လိုပုံစံမျိုးတွေ ရိုက်ကူးဖို့စီစဉ်ထားသလဲ ဆိုတဲ့ ကိုယ့်စိတ်ကူးတွေကို ဓာတ်ပုံဆရာကို ပြောပြဖို့လိုပါတယ်။

အကြံဥာဏ်တောင်းပါ

စိတ်ကူးနဲ့ ကွန့်မြူးရတာ လွယ်ကူသလောက် လက်တွေ့ မှာ အကောင်းအထည်ဖော်ရတာ ခက်ခဲတဲ့ ကိစ္စတွေရှိပါတယ်။ အဲ့လို အခြေအနေတွေအတွက် ဓာတ်ပုံဆရာက အကောင်းဆုံး နည်းပညာ အကြံဥာဏ်တွေ ပေးပါလိမ့်မယ်။

ရင်းနှီးအောင်နေပါ

ဓာတ်ပုံမရိုက်ခင်ကတည်းက ဓာတ်ပုံဆရာနဲ့ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဖြစ်နေမယ်ဆိုရင် ဓာတ်ပုံရိုက်မယ့်နေ့မှာ Post ပေးရတာရော၊ ညှိနှိုင်းရတာတွေပါ အဆင်ပြေသွားမှာပါ။ ဒါကြောင့် ဓာတ်ပုံမရိုက်ခင်ကတည်းက ဓာတ်ပုံဆရာနဲ့ သူငယ်ချင်းလိုမျိုး ရင်းနှီးနေဖို့ လိုပါတယ်။

Pre-Wedding ဓာတ်ပုံရိုက်ဖို့ အတွက် ဓာတ်ပုံဆရာကို အခုလိုနည်းလမ်းလေးတွေနဲ့ရွေးချယ်ပြီး အပြန်အလှန်နားလည်မှုရှိတဲ့ Relation မျိုးတည်ဆောက်ထားမယ်ဆိုရင် စိတ်ကူးထဲက ဓာတ်ပုံလှလှလေးတွေ ချစ်သူစုံတွဲလေးများမှာ လက်တွေ့ပိုင်ဆိုင်နိုင်ပြီပေါ့နော်။

Comments

0 comments