Advertisement

စုံတွဲလေးတို့ရေ နှစ်ဖက်မိဘ ညှိနှိုင်းရ လွယ်ကူပြီး အဆင်ပြေတဲ့ မင်္ဂလာပွဲလေး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပါ။ 

စုံတွဲလေးတို့ မင်္ဂလာပွဲလေး ဖြစ်မြောက်ဖို့ဆိုရင် အရင်ဆုံး တိုင်ပင်ဆွေးနွေးရမှာက နှစ်ဖက်မိဘတွေပါ။ နှစ်ဖက်မိဘတွေ ညှိနှိုင်းရ လွယ်ကူမှလည်း မင်္ဂလာပွဲလေးက စိတ်ချမ်းသာစရာကောင်းပြီး အဖက်ဖက်က ပြည့်စုံနေမှာပါ။ ဒီတော့ နှစ်ဖက်မိဘ ညှိနှိုင်းရလွယ်ကူအောင် စုံတွဲလေးတို့ ကြိုတင်ပြီး ကြိုးစားထားသင့်ပါတယ်။

နှစ်ဖက်မိဘရဲ့ ဆက်ဆံရေး

နှစ်ဖက်မိဘရဲ့ ဆက်ဆံရေးကို အရင်ဆုံး သိထားရမှာ ဖြစ်ပါတယ်။ နှစ်ဖက်မိဘရဲ့ ဆက်ဆံရေးက အရင်ကတည်းက ရင်းနှီးထားပြီးသားဆိုရင်တော့ မင်္ဂလာပွဲအတွက် ညှိနှိုင်းတဲ့အခါမှာ ပွင်ပွင့်လင်းလင်းသာ ဆွေးနွေးပါ။ သတို့သားဘက်က ဖြစ်ချင်တာနဲ့ သတို့သမီးတို့ဘက်က ဖြစ်ချင်တာတွေကို သေချာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်မယ်ဆိုရင် မင်္ဂလာပွဲက အစစအရာရာ အဆင်ပြေနိုင်မှာပါ။ အကယ်လို့ နှစ်ဖက်မိဘရဲ့ ဆက်ဆံရေး မရင်းနှီးဘူးဆိုရင် စုံတွဲလေးတို့ ကြားထဲက ညှိနှိုင်းပေးရမှာပါ။ ဒီနေရာမှာ အဓိက အရေးကြီးတဲ့အချက်ကတော့ စုံတွဲလေးတို့က နားလည်မှု ရှိဖို့ပါ။ တချို့ဆိုရင် ငါ့မိဘက ဒီလိုပြောတယ် ဒါလုပ်ပေးရမယ်ဆိုပြီး တဖက်နဲ့ တဖက် တင်းမာမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှစ်ဖက်မိဘက ဘာပဲ တောင်းဆိုတောင်းဆို စုံတွဲလေးတို့ကသာ နားလည်မှုထားပြီး ကြားထဲက ညှိနှိုင်းပါ။ ဒါဆိုရင် မင်္ဂလာပွဲလေး အဆင်ပြေမှာပါ။

နှစ်ဖက်မိဘရဲ့ ဆက်ဆံရေး (photo: Families for Life)

ကိုယ့်မိဘကို အကြောင်းစုံပြောပြထားပါ

စုံတွဲလေးတို့အနေနဲ့ နှစ်ဖက်မိဘတွေ ညှိနှိုင်းရလွယ်အောင် လုပ်ဆောင်ထားရမယ့်အချက်ကတော့ မိဘကို အကြောင်းစုံ ပြောပြထားတာမျိုးပါ။ သမီးရှင်အနေနဲ့ မင်္ဂလာပွဲကို အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး ဖြစ်ချင်ပေမယ့် သတို့သားဘက်က အဆင်မပြေတာတွေ ရှိကြောင်း ကိုယ့်မိဘကို အရင်ဆုံး ပြောထားရမှာပါ။ ဒါမှလည်း မိဘတွေကို အခြေအနေတွေကို နားလည်ပြီး ညှိနှိုင်းတဲ့အခါ အဆင်ပြေမှာပါ။

ကိုယ့်မိဘကို အကြောင်းစုံပြောပြထားပါ (photo: 搜狐)

စုံတွဲတို့ကြားက စကားတွေအားလုံး မိဘတွေ မသိပါစေနဲ့

မင်္ဂလာဆောင်ကိစ္စအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ကြပြီဆိုရင် စုံတွဲလေးတို့နဲ့ နှစ်ဖက်မိဘကြားမှာ ပြဿနာ တက်တာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ စုံတွဲလေးတို့ကြားက ကိစ္စတွေ၊ စကားတွေအားလုံး မိဘတွေကို ပြန်ပြီး ပြောတာပါ။ မင်္ဂလာပွဲအကြောင်း ဆွေးနွေးနေရင်း အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိပါတယ်။ စုံတွဲလေးတို့က ပြန်တည့်သွားကြပေမယ့် နှစ်ဖက်မိဘကတော့ အဲဒီလို မဟုတ်ပါဘူးနော်။ ဒါကြောင့် နှစ်ယောက်ကြားထဲမှာ ရှိတဲ့ စကားတွေ အားလုံး မသိပါစေနဲ့နော်။ ဒါမှ နှစ်ဖက်မိဘက ညှိနှိုင်းရ လွယ်ကူပြီး မင်္ဂလာပွဲလေး စိတ်ချမ်းချမ်းသာသာ ကျင်းပဖြစ်မှာပါ။

စုံတွဲလေးတို့ရေ နှစ်ဖက်မိဘ ညှိနှိုင်းရ လွယ်ကူပြီး အဆင်ပြေတဲ့ မင်္ဂလာပွဲလေး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပါ  ။ 

Comments

0 comments