Advertisement

မင်္ဂလာပွဲအတွက် အဓိက ကျတာဟာ မင်္ဂလာပွဲကို ဧည်သည်ဘယ်နှစ်ယောက် ဖိတ်မလဲဆိုတာပါပဲ။ ဧည့်သည်အရေအတွက် အတိအကျ သိရမှ မင်္ဂလာခန်းမ၊ ဖိတ်စာ၊ ပြန်ကမ်း၊ အစားအသောက်တွေ အားလုံးတွက်ချက်လို့ ရမှာပါ။ ဒီတော့ ဧည့်သည်စာရင်း တွက်တဲ့အခါမှာ ချောမွေ့အဆင်ပြေစေဖို့ ဘယ်လိုစီစဉ်တွက်ချက်ရမလဲဆိုတာ ပြောပြမယ်နော်။

ကုန်ကျစရိတ်နဲ့ ခန့်မှန်းခြေ

မင်္ဂလာပွဲအတွက် ဧည့်သည်စာရင်း တွက်ကြမယ်ဆိုရင် ကုန်ကျစရိတ်နဲ့ ပွဲကို ဖိတ်မယ့် လူဦးရေကို ခန့်မှန်းထားပါ။ ကိုယ့်ရဲ့ ပွဲကို မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့သူတွေပဲ ဖိတ်မယ်ဆိုရင်တော့ လူဦးရေ (၅၀) ကနေ (၇၀) ကြားလောက် ဖိတ်ပါ။ နောက်မှ ကုန်ကျစရိတ်ပေါ် မူတည်ပြီး ဖြည်းဖြည်းချင်း တိုးသွားပြီး ဖိတ်ပါ။

တိုင်ပင်ပါ (photo: MoneySense)

ခန်းမ အနေအထား

ခန်းမနဲ့ လူဦးရေ ကိုက်ညီဖို့ အထူးသတိထားပါ။ ဆံ့တဲ့ဦးရေထက် ပိုပြီး မဖိတ်သင့်သလို အများကြီး လျော့ပြီးလည်း မဖိတ်ပါနဲ့။ မလိုက်ဖက်ဘဲ ပွဲက မလှဘူး ထင်ရတတ်တာကြောင့်ပါ။ ဒါကြောင့် ခန်းမ အနေအထားကို ကြည့်ပြီး ဧည့်သည်စာရင်း စီစဉ်ပါ။

ခန်းမ အနေအထား (photo: Langdon Hall)

လူဦးရေ စာရင်းစီမယ်ဆိုရင်

လူဦးရေ စာရင်းစီမယ်ဆိုရင် (photo: WeddingHappy)

စုံတွဲလေးတို့ လူဦးရေ စီမယ်ဆိုရင် ထည့်သွင်းစဉ်းစားပြီး ဖိတ်ကြားရမယ့် အချက်လေးတွေ ရှိပါတယ်။

(၁) လူဦးရေ စီစဉ်တဲ့အခါမှာ ကိုယ်ဖိတ်မယ့် ဧည့်သည်က စုံတွဲလိုက်တက်မယ့်သူလားဆိုတာ သိထားဖို့ လိုပါတယ်။ စုံတွဲလိုက် တက်မယ်ဆိုရင်တော့ အပိုတစ်ယောက်စာ ထည့်တွက်ထားဖို့ လိုပါတယ်။

(၂) သတို့သားဘက်ကို ဖိတ်စာအရေအတွက် ဘယ်လောက် ယူမလဲဆိုတာ မေးပါ။ ခန့်မှန်းခြေပေါ့။ ဒါမှ သတို့သမီးလေးဘက်က ဖိတ်မယ့် လူဦးရေနဲ့ တွက်ချက်လို့ ရမှာပါ။

(၃)  သတို့သမီးလေးရဲ့ မိဘတွေနဲ့ သတို့သားဘက်က မိဘတွေ ဖိတ်မယ့် စာရင်းကို ယူပါ။ နှစ်ဖက်မိဘတွေဆီက စာရင်းရမှ သတို့သမီးနဲ့ သတို့သားလေးတို့ ဖိတ်မယ့် လူဦးရေ စီစဉ်ပါ။

(၄) သတို့သားနဲ့ သတို့သမီးအတွက် အရေးကြီးတဲ့ ဧည့်သည်၊ မိသားစုဝင်တွေ၊ မိတ်ဆွေအရင်းအချာ၊ အဝေးရောက်နေတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အဲဒီလို အစဉ်လိုက် စာရင်းချရေးပြီးမှ ဖိတ်ပါ။ ဒါဆို လူဦးရေ အတိအကျ ရမှာပါ။

(၅) လူဦးရေတွက်တဲ့အခါ သတို့သားနဲ့လည်း သိတယ် သတို့သမီးနဲ့လည်း အသိမိတ်ဆွေဆိုရင် လူထပ်နေတတ်ပါတယ်။ ဒါကိုလည်း သေချာစီစစ်ပြီး ဖိတ်ဖို့ လိုပါတယ်။

မင်္ဂလာပွဲအတွက် ဧည့်သည်စာရင်းတွက်ချက်ပြီဆိုရင် အပိုအလိုမရှိ တိတိကျကျ ထွက်လာဖို့အတွက် Marry က ပြောပြထားသလိုလေး စာရင်း လုပ်ကြည့်ပေးနော်။

Comments

0 comments