Advertisement

ဒီဝါကျွတ်မှာ မင်္ဂလာပွဲ မကျင်းပသေးဘဲ မင်္ဂလာလက်မှတ်ပဲ ရေးထိုးထားမယ့် စုံတွဲလေးတွေ သိထားသင့်တယ်နော်။

စုံတွဲလေးတို့ရေ ခုက ကိုဗစ်ကာလ ဖြစ်နေတော့ မင်္ဂလာပွဲ ကျင်းပခွင့်တွေ မရသေးပါဘူးနော်။ ဒါပေမယ့် မင်္ဂလာပွဲတွေ မလုပ်သေးဘဲ မင်္ဂလာလက်မှတ် ရေးထိုးတာမျိုး လုပ်လို့ ရပါတယ်နော်။ တရားရုံးတွေမှာ ထိုးရင်ထိုး မဟုတ်ရင်လည်း ကိုယ့်နဲ့ သိကျွမ်းတဲ့ တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးတာမျိုး လုပ်လို့ ရပါတယ်။ ဒီတော့ မင်္ဂလာလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပေးလိုက်ပါတယ်။

လက်ထပ်စာချုပ်

စုံတွဲလေးတို့ရေ လက်ထပ်စာချုပ်ကတော့ (၂) သောင်းကနေ အထက် ရှိပါတယ်။ ဒီဇိုင်းတွေပေါ် မူတည်ပြီး ကုန်ကျနိုင်ပေမယ့် ရိုးရိုးရှင်းရှင်းလေးပဲ ဆိုရင်တော့ (၂) သောင်းကျပ်နဲ့ ရရှိနိုင်ပါတယ်။ ခုဆိုရင်တော့ ပရိုမိုးရှင်းတွေလည်း ချနေတာမလို့ သက်သက်သာသာ ရရှိနိုင်ပါတယ်။ ဖောင်ဖြည့်တာတွေကတော့ ကိုယ်တိုင်ဖြည့်ရမှာ ဖြစ်ပြီး စာရွက်စာတမ်းတွေကိုတော့ မိတ္တူဆွဲတာတွေ နည်းနည်းပါးပါး ကုန်ကျနိုင်ပါတယ်နော်။ လက်ထပ်စာချုပ်ထဲမှာ တံဆိပ်ခေါင်းတွေ ပါပြီးသားပါ။

ဝတ်စုံ

စုံတွဲလေးတို့ရေ အဝတ်အစားကတော့ နှစ်ယောက်ဆင်တူရုံပဲလေး ဝတ်မယ်ဆိုရင်တော့ ကိုယ့်မှာ အရင်ရှိပြီးသားတည်းက ဝတ်လို့ ရပါတယ်။ အကယ်လို့ ကိုယ်က အဲ့ဒီရက်ကို လှအောင် ဝတ်မယ်စိတ်ကူးထားရင်တော့ သတို့သားလောင်းအတွက်က ပုဆိုးနဲ့ တိုက်ပုံ၊ သတို့သမီးလေးကတော့ ချိတ်ထမီနဲ့ ရင်ဖုံးအင်္ကျီပေါ့။ နှစ်ယောက်ပေါင်းကို (၈) သောင်းလောက် ကုန်ကျနိုင်ပါတယ်။ မိသားစုစုံရုံပဲဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးနဲ့ လှတာမျိုးပဲ ရွေးချယ်ပါ။

www.thespruce.com

တရားသူကြီး

တရားရုံးမှာ လက်မှတ်ထိုးတာဆိုရင်တော့ တရားသူကြီးကို စာအိတ်နဲ့ ထည့်ပေးတာမျိုး ရှိပါတယ်။ တချို့ကတော့ (၃) သောင်းလောက်ကနေ စပြီး ထည့်ကြပါတယ်။ ဒါကတော့ ကိုယ့်သဘောအတိုင်း များလို့ နည်းလို့ ရပါတယ်။ ကိုယ်ရဲ့ လက်မှတ်ထိုးပွဲ ကျင်းပရာ နေရာကို တရားသူကြီး လာတယ်ဆိုရင်တော့ စာအိတ်ထဲကို (၁) သိန်းလောက် ထည့်လေ့ ရှိကြပါတယ်နော်။ ဒီကာလမှာတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ တရားသူကြီးတွေကိုသာ အကူအညီတောင်းပါ။

အသိသက်သေ

လက်ထပ်စာချုပ် ပြင်ဆင်ရာမှာ အသိသက်သေ (၂) ဦးလိုပါတယ်။ အဲဒီ အသိသက်သေနေရာမှာ လက်မှတ်ထိုးမယ့်သူရဲ့ အချက်အလက်တွေ ထည့်ပြီးရင် မလာဖြစ်တော့တာ မအားဖြစ်တော့တာတွေ ရှိတာကြောင့် သေချာတဲ့သူ ဖြစ်ဖို့ လိုပါတယ်နော်။ အချက်အလက်တွေ ဖြည့်ပြီးမှ ပြန်ပြင်မယ်ဆိုရင် အသစ်ပြန်လုပ်မှ အဆင်ပြေမှာပါ။ ဒါကြောင့် သေချာတဲ့သူပဲ ရွေးချယ်ပါ။ အပြင်လူမခေါ်ဘူးဆိုရင်လည်း ကိုယ့်မိသားစုဝင်နဲ့ အိမ်နီးနားချင်းတွေကို အသိသက်သေ လုပ်ခိုင်းလို့ ရတယ်နော်။

www.thespruce.com

နောက်ထပ်ဖြည့်စွက်ရမယ့်အချက်တွေ

နောက်ထပ် ဖြည့်စွက်ရမယ့် အချက်တွေကတော့ အလုပ်အကိုင်လည်း သေချာ ထည့်ဖို့ လိုပါတယ်။ သတို့သားရော သတို့သမီးရော မဖြစ်မနေ ထည့်ရမယ့် အချက်ပါ။ အလုပ်အကိုင်နေရာမှာ လစ်လပ်နေလို့ မရပါဘူးနော်။ နောက်ပြီး တံဆိပ်ခေါင်း ပါ မပါ စစ်ပါ။ မှတ်ပုံတင် မူရင်း မိတ္တူ  (၂) စောင် လိုပါတယ်။ အသိသက်သေတွေရဲ့ မှတ်ပုံတင် မူရင်း မိတ္တူတွေလည်း လိုပါတယ်နော်။ အားလုံး သေချာစစ်ဖို့ သတိပြုပါနော်။

 

Comments

0 comments