တီးဝိုင်းမငှားဘဲ နောက်ခံသီချင်းပဲဖွင့်မယ့် စုံတွဲလေးတို့ရွေးချယ်သင့်တဲ့ သီချင်းများ

by: Phyo Pyae Thu
 0 comments  1 love

မင်္ဂလာဆောင်မှာ နောက်ခံသီချင်းထည့်ချင်တဲ့ စုံတွဲလေးတို့တွက် အခုပြောပြပေးထားတဲ့ သီချင်း(၄) ပုဒ်ဟာ မင်္ဂလာဆောင်တွေမှာ အဖွင့်အများဆုံးနဲ့ လူကြိုက်အများဆုံးပါပဲနော်

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်တယ်ဆိုတာ ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ဖွယ် ခရီးလေးကို လမ်းကြောင်း တစ်ကြောင်းထဲမှာ အတူတူ ရှေ့ဆက် ခရီးနှင်ကြတာပါပဲ။ ဒီလိုမျိုး ခရီးဆက်ကြတဲ့အခါမှာ ကောင်းမွန်တဲ့ အတိတ်နိမိတ် ဆောင်ကျဉ်းတဲ့အနေနဲ့ ပျော်ရွှင်ခြင်းတွေ အပြည့်နဲ့ ပုံဖော်ထားတဲ့ သီချင်းလေးတွေ ဖွင့်ကြပါတယ်။

မင်္ဂလာဆောင်အတွက် သီချင်းစီစဉ်တဲ့အခါ အခါတော်ပေး၊ စောင်းငှားပြီး သီဆိုတာ ဒါမှမဟုတ် တီးဝိုင်းငှားပြီး သီချင်းသီဆိုတာမျိုးနဲ့ ဧည့်ပရိသတ်တွေကို ဧည့်ခံလေ့ ရှိကြပါတယ်။ တချို့စုံတွဲလေးတွေကတော့ တီးဝိုင်းအတွက် ကုန်ကျစရိတ် လျှော့ချမယ်လို့ တွေးပြီး နောက်ခံတေးသီချင်းလေးတွေ ဖွင့်လေ့ရှိကြပါတယ်။ နောက်ခံတေးသီချင်းဖွင့်တဲ့အခါမှာလည်း တချို့ခန်းမတွေက sound system စီစဉ်ပေးထားတဲ့အခါမှာ သီချင်းတွေ အဆင်သင့် ရှိကြပါတယ်။ တချို့ကတော့ မရှိပါဘူး။ ဒီလိုဆိုရင်တော့ သီချင်းလေးတွေ ရွေးပြီး စီစဉ်ထားရမှာပါ။ ဘယ်လို သီချင်းလေးတွေက မင်္ဂလာဆောင်ပွဲမှာ အဖွင့်သင့်ဆုံး ဖြစ်ပြီး အတိတ်ကောင်းနိမိတ်ကောင်းဆောင်ကျဉ်းပေးမလဲဆိုတာ ကြည့်ကြည့်ပါဦးနော်။

ဒီအချိန်ကစ (နွဲ့ယဉ်ဝင်း)

“မင်္ဂလာအချိန်ရက်မြတ်သို့ ရောက်ခဲ့ပြီ လက်ထပ်ပွဲလေး ကျင်းပကြတော့မည်၊ ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့ ဘယ်အခါ မမေ့ပေ၊ မောင်မယ်နှစ်ဦးသား ပြုံးပန်းကိုယ်စီ ပွင့်လန်းလို့နေ”  ဒီစာသားလေးဟာ မင်္ဂလာမောင်နှံတို့ရဲ့ မင်္ဂလာနေ့ရက်ကို ဂုဏ်ပြုထားတဲ့ စာသားလေး ဖြစ်တဲ့အပြင် နှစ်ယောက်စလုံး လက်တွဲကြရတော့မှာမို့ အပြုံးပန်းလေးတွေ ဝေဝေဆာဆာ ရှိနေတာကို ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ တေးသံရှင် နွဲ့ယဉ်ဝင်းရဲ့ သံသာချိုချိုအေးလေးကြောင့် ပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေလည်း ကြည်နူးမှုတွေ ရရှိမှာ ဖြစ်ပါတယ်။

တွဲလက်များ( ထူးအယ်လင်း၊ မီးမီးခဲ)

ဒီအပြုံးလေးများနဲ့ တို့ဘဝကို ဖန်တီးဆေးခြယ်၊ ရင်ဆိုင်မယ်အဆိုးဆုံး ကြုံလည်း၊ အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်၊ ယုံကြည်ထားတယ် ခိုင်မာသော တွဲလက်များရယ်” ဒီအပိုဒ်လေးမှာ ဆိုရင်တော့ နှစ်ဦးသား အတူတူ အကောင်းအဆိုးဘယ်ဟာပဲ ကြုံကြုံ လက်တွေ ခိုင်ခိုင်မာမာတွဲထားပြီး ရင်ဆိုင်ကျော်ဖြတ်လို့ အေးအတူပူအမျှ ခံစားကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါဟာ စုံတွဲလေးတို့အတွက် အတိတ်ကောင်း နိမိတ်ကောင်း ဆောင်တဲ့ သီချင်းလေးပါပဲနော်။

ယနေ့မှစ နှစ်တစ်ရာတိုင်(ဂရေဟမ်၊ ရတနာဦး)

“ဘယ်အချိန်ထိလဲ၊ ဘယ်လိုချစ်မှာလဲ အချစ်ဆုံးက မေးခဲ့ရင် ဖြေမယ်၊ နေမဝင် အချစ်တွေ အချစ်ကို ပေးမယ် ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ်” ဒီစာသားလေးကတော့ သတို့သမီးလောင်းလေးတို့ ချွဲနွဲ့လို့ ရမယ့် စာသားလေးဖြစ်ပြီး သတို့သားလေးရဲ့ အချစ်တွေကိုလည်း သိခွင့်ရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေ အမြဲတမ်းရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လေးပါပဲ။

သူသိပါကွယ်(ဖြိုးကြီး၊ ကြိုးကြာ)

ဒီသီချင်းလေးကတော့ မင်္ဂလာဆောင်တော်တော်များများမှာ ဖွင့်လေ့ရှိပြီး စုံတွဲလေးတွေ ရင်းနှီးပြီးသား သီချင်းကောင်းလေး တစ်ပုဒ်ပါပဲ။ “သိပ်ချစ်တာ သူသိပါကွယ်” ဆိုတဲ့ စာသားလေးတစ်ကြောင်းတည်းနဲ့တင် အရာရာ ပြည့်စုံနေလောက်ပါပြီ။ စုံတွဲလေးတို့မှာ အဓိက လိုအပ်တာက အချစ်ပဲမလားနော်။ အချစ်နဲ့ တည်ဆောက်ကြတဲ့ နှစ်ဦးသားရဲ့ ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက်အချစ်တွေကို သိနေဖို့ပဲ လိုအပ်တာပါ။

မင်္ဂလာဆောင်မှာ နောက်ခံသီချင်းထည့်ချင်တဲ့ စုံတွဲလေးတို့ရေ Marry က အခုပြောပြပေးထားတဲ့ သီချင်း(၄) ပုဒ်ဟာ မင်္ဂလာဆောင်တွေမှာ အဖွင့်အများဆုံးနဲ့ လူကြိုက်အများဆုံးပါပဲနော်။ စုံတွဲလေးတို့ သီချင်းလေးတွေ ကြိုနားထောင်ချင်တယ်ဆိုရင်တော့ ကလစ်လေး တစ်ချက် နှိပ်လိုက်ရုံပဲ။

From Marry with


Comments

0 comments
Latest video