Advertisement

ချစ်သူအပေါ် စိတ်ပူတာတွေ၊ စိုးရိမ်တာတွေ၊ အရင်အချိန်တွေ ပြန်တွေးပြီး လွမ်းတာတွေ ရှိပေမယ့် ဒါကို မြန်မြန်ကုသမေ့ဖျောက်ပြီး ရှေ့ဆက်အားအင်ရှိဖို့ လိုတယ်လေ

အသည်းကွဲဝေဒနာတွေကို ကုနိုင်တဲ့သူက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အနားမှာ ဘယ်သူတွေ ဘယ်လိုပဲ ရှိရှိ တကယ်တမ်း ချစ်သူနဲ့ လမ်းခွဲပြတ်စဲကြပြီဆိုရင် ကိုယ်တိုင်ပဲ ခံစားပြီး ကုရမှာပါ။ စိတ်သက်သာရာရအောင် ခံစားရ သက်သာအောင် နှစ်သိမ့်နိုင်မှာ ကိုယ်ကိုယ်တိုင်ပါပဲ။ မိတ်ဆွေ သူငယ်ချင်းတွေဆီရင်ဖွင့်လို့ ရပေမယ့်လည်း ကိုယ့်ကိုတော့ ဘယ်သူကမှ ရာနှုန်းပြည့် နားလည်မပေးနိုင်ဘူးလေနော်။

အသည်းကွဲတဲ့ ကာလဆိုးကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ဆောင်ချက်ကပဲ အဓိကျတာပါ ချစ်တို့ရေ။ ချစ်သူအပေါ် စိတ်ပူတာတွေ၊ စိုးရိမ်တာတွေ၊ အရင်အချိန်တွေ ပြန်တွေးပြီး လွမ်းတာတွေ ရှိပေမယ့် ဒါကို မြန်မြန်ကုသမေ့ဖျောက်ပြီး ရှေ့ဆက်အားအင်ရှိဖို့ လိုတယ်လေ။ ဒီတော့ အသည်းကွဲ ဝေဒနာ ကုသကြတဲ့အခါ ဘယ်လိုတွေကုသလို့ရမလဲ ကြည့်ရအောင်။

အချိန်ယူပါ

အသည်းကွဲတယ်ဆိုတာ ဒီနေ့ကု ဒီနေ့ပျောက်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူးလေ။ ကိုယ်ချစ်ရတဲ့သူနဲ့ ချစ်ခဲ့ကြတဲ့ နေ့ရက်တွေ၊ အတူသွား အတူစားရှိခဲ့တဲ့ အချိန်တွေကို ပြန်တွေးပြီး လွမ်းနေမှာ သေချာသလို ခုချိန်ဆို သူဘာများလုပ်နေမှာလဲလို့ တွေးမိနေတာလဲ ရှိမှာပါ။ ဒါတွေကို ကျော်ဖြတ်နိုင်မယ့် အဓိက အချက်ကတော့ အချိန်ပါပဲ။ အချိန်ယူပါ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ငိုချင်တဲ့အခါ ငိုချလိုက်ပါ။ စိတ်ဆိုးပြီး အော်ဟစ်ချင်တဲ့အခါလည်း အော်ဟစ်လိုက်ပါ။ မြန်မြန်မေ့ပစ်ဖို့ အတင်းမကြိုးစားဘဲ အချိန်ယူရင် ဖြည်းဖြည်းချင်း သက်သာမှာပါ။

(photo: home.bt.com)

Social တွေ ဖြတ်ထားပါ

သူ့အကောင့်ကို တခြားအကောင့်တုတွေနဲ့ သွားကြည့်နေတာမျိုး မလုပ်ပါနဲ့။ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ စုံစမ်းတာမျိုး မလုပ်ပါနဲ့တော့။ မြင်ရလေ ပိုခံစားရလေ ဖြစ်နေမှာလေ။ အဲဒီတော့ Social တွေ ဖြတ်ထားပါ။ ဖုန်းခေါ်တာတွေ၊ သူငယ်ချင်းကနေ တဆင့် ဆက်သွယ်ခိုင်းတာတွေလည်း မလုပ်မိစေနဲ့နော်။ ဒါက ဒဏ်ရာ နက်သထက် နက်မယ့် နည်းလမ်းတွေ ဖြစ်တတ်တယ်လေ။

အလွမ်းအဆွေးသီချင်းတွေ

အသည်းကွဲနေပါတယ်ဆိုမှ လွမ်းရ ဆွေးရတဲ့ သီချင်းတွေ နားထောင်မိတာကလည်း ဒဏ်ရာမပျောက်စေတဲ့အချက်ပါပဲ။ အသည်းကွဲတာကို ကုမယ်ဆိုရင် အလွမ်းအဆွေး သီချင်းတွေ လုံးဝ နားမထောင်ပါနဲ့။ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် သီချင်းတွေကိုသာ နားထောင်ကြည့်ပါ။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

မိန်းကလေးတွေ လုပ်လေ့ရှိတာက အသည်းကွဲပြီဆိုရင် အစားမစားဘူး ဒါမှမဟုတ် အလွန်အကျွံစားတယ် ဒါတွေ မလုပ်ရဘူးနော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အတွက် အစားမစားတာမျိုးက ကျန်းမာရေး ထိခိုက်စေနိုင်သလို အများကြီးစားတာကလည်း ဝိတ်တက်အလှပျက်တယ်လေ။ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်လေးလည်း နေပါဦးနော်။ တချို့ဆို လုံးဝ မပြင်ဆင်တော့တာမျိုး ဖြစ်တတ်တယ်လေ။ ဒါက ပိုပြီးစိတ်ဓါတ်ကျစေပြီး အသည်းပိုကွဲရပါလေရော။

(photo: freepik.com)

ဝါသနာပါရာ တခုခုလုပ်ကြည့်ပါ

ချစ်သူမရှိတော့ဘူးဆိုရင် သူနဲ့အတူရှိခဲ့တဲ့ အချိန်တွေအစား ကိုယ့်အတွက် အကျိုးရှိရာ တစ်ခုခုကို လုပ်ဆောင်ကြည့်ပါ။ သင်တန်းတက်တာ၊ ပန်းချီဆွဲတာ၊ ရေကူးသင်တာ အစရှိသလို ဝါသနာ ပါရာတခုခု တိုးတက်စေမယ့် တခုခု လုပ်ပါ။ တခြားတစ်ခုမှာ စိတ်နှစ်ထားရင် ခံစားရ သက်သာတယ်လေနော်။

 

Comments

0 comments
Advertisement