Advertisement

Marry က စုံတွဲလေးတို့အနေနဲ့ ချစ်သူတွေကြားမှာ နှောင့်ယှက်တတ်တဲ့ သူငယ်ချင်းက ဘယ်လိုမျိုးလဲဆိုတာ သိပြီးရင်တော့ အကောင်းဆုံးနည်းနဲ့ ရှောင်ရှားနိုင်မှာပါနော်။ 

Marry ပရိသတ်ကြီးတို့ရေ ကိုယ့်ရဲ့အချစ်ရေးမှာ သူငယ်ချင်းတွေကြောင့် စိတ်ညစ်နေရပြီလား။ စုံတွဲလေးတို့မှာ သူငယ်ချင်းဆိုတာ ရှိကြမှာပါပဲ။ သူငယ်ချင်းဆိုတာက ကိုယ့်အတွက် ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဆိုလည်း မမှားဘူးလေ။ ဒါပေမယ့်လည်း အဲဒီလို ချစ်ရ ခင်ရတဲ့ သူငယ်ချင်းတွေကြောင့် ကိုယ့်ရဲ့အချစ်ရေးကို ထိခိုက်နေတယ်ဆိုရင်တော့ အဆင်မပြေဘူးနော်။ သူငယ်ချင်းဆိုတာက ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အားပေးနှစ်သိမ့် အကြံပေးတာမျိုး လုပ်လို့ရပေမယ့် ဝင်ရောက်စွက်ဖက်ဆုံးဖြတ်ပေးတာမျိုး လုပ်လို့တော့ ဘယ်ရမလဲ။ ဒီတော့  သူငယ်ချင်းတွေရဲ့ အနှောင့်အယှက်က ဘာတွေဖြစ်မလဲဆိုတာ သိထားပေးနော်။ ဒါမှ စဉ်းစားလို့ ရမှာပေါ့။

ချစ်သူတွေကြားမှ  (photo: www.elitedaily.com)

စပ်စုလွန်းတာ

သူငယ်ချင်းက ကိုယ်နဲ့ ကိုယ့်ချစ်သူအကြောင်းကို အတင်းကြီး စပ်စုလွန်းတာလွန်းတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်ပါပဲ။ သူငယ်ချင်းမို့ ရင်းရင်းနှီးနှီး အကြောင်းစုံ ပြောပြတာမျိုး ဆိုပေမယ့် အတင်းကြီး စပ်စုလွန်းတာ၊ ချစ်သူနဲ့ ကိုယ်နဲ့ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကအစ သိချင်နေတာမျိုးကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။

ဝေဖန်တာ

ဝေဖန်တာကလည်း ချစ်သူတို့ကြားထဲမှာ ပြဿနာ ဖြစ်နိုင်တဲ့ အချက်ပါပဲ။ ကိုယ့်ရည်းစားကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အတင်းကြီး ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ “နင့်ရည်းစားက နင့်ကို တကယ်ရောချစ်ရဲ့လားဟယ်” ၊” ငါ့ရည်းစားဆို အဲဒီလို မဟုတ်ဘူးနော်” အစရှိသလို အတင်းကြီး နှိုင်းယှဉ်ဝေဖန်တာများလာရင်တော့ စိတ်တွေရှုပ်လာပြီး သူငယ်ချင်းပြောတာ အမှန်ဖြစ်နေမလားဆိုပြီး ရည်းစားကို ပြဿနာတွေရှာပြီး ပြတ်ကြစဲကြတွေ ဖြစ်ကြပါလေရောနော်။

သူငယ်ချင်းဆိုတာ  (photo: www.elitedaily.com)

 

စွက်ဖက်တာ

ကိုယ်နဲ့ ကိုယ့်ရည်းစားကြားမှာ လိုတာထက် ပိုပြီး စွက်ဖက်တာမျိုးကလည်း စုံတွဲလေးတို့ရဲ့ Relationship ကို ပျက်စီးစေနိုင်ပါတယ်။ ရည်းစားကို ဘယ်လိုပြောလိုက်၊ အနိုင်မခံနဲ့နော် အကျင့်ပါသွားလိမ့်မယ် အဲဒီလိုမျိုး သွေးထိုးစကားတွေ သင်ပေးတာမျိုး၊ ဘယ်လိုဆက်ဆံနော် ဆိုပြီး အတင်းကြီး ဝင်စွက်ဖက်တာမျိုးက ချစ်သူကြားမှာ မပြေလည်တာတွေ ပိုပြီး ဖြစ်လာစေနိုင်ပါတယ်။

စွက်ဖက်တာ (photo: www.elitedaily.com)

စိုးရိမ်စိတ် များအောင်လုပ်တာ

သူငယ်ချင်းအချင်းချင်း စိတ်ပူပေးစိုးရိမ်ပေးတာ ပျော်စရာ ချစ်စရာကောင်းပေမယ့် ကိုယ့်ရည်းစားကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး စိုးရိမ်စိတ် များအောင်လုပ်တာက စုံတွဲတို့ကြားမှာ ပြဿနာ တက်စေနိုင်ပါတယ်။ ” နင့်ကောင်လေးကို သေချာထိန်းနော်”၊” သူငယ်ချင်းဆိုပြီး ရိုးကြရဲ့လား” အဲဒီလိုမျိုး စိုးရိမ်စိတ်တွေ ဖြစ်အောင် ခဏခဏ လာပြောနေတာ စုံတွဲတို့ကြားမှာ ယုံကြည်မှုတွေ နည်းသွားပြီး ပြဿနာတက်နိုင်ပါတယ်။

Marry က စုံတွဲလေးတို့အနေနဲ့ ချစ်သူတွေကြားမှာ နှောင့်ယှက်တတ်တဲ့ သူငယ်ချင်းက ဘယ်လိုမျိုးလဲဆိုတာ သိပြီးရင်တော့ အကောင်းဆုံးနည်းနဲ့ ရှောင်ရှားနိုင်မှာပါနော်။

 

Comments

0 comments