မင်္ဂလာဆောင်မှာ ကျောက်မျက်ရတနာအစစ်ဝတ်မယ်ဆိုရင် သတိထားရမယ့်အချက်များ

by: Phyo Pyae Thu
 0 comments  0 love

လက်ဝတ်လက်စားတွေကို အစစ်ဝတ်မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေ သိပြီဆိုတော့ သေချာလေး ပြင်ဆင်ပါနော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်မှာ လက်ဝတ်လက်စားကို ကျောက်မျက်ရတနာ အစစ်တွေ ဝတ်မယ်လို့ စိတ်ကူးထားလား၊ တချို့ကတော့လည်း မိတ်ကပ်ဆရာဆီက လက်ဝတ်လက်စား ဝတ်တာ ရှိပါတယ်။ အကယ်လို့ သတို့သမီးလေးတို့ ကျောက်မျက်ရတနာကို အစစ်ပဲ ဝတ်မယ်ဆိုရင်တော့ သတိထားရမယ့် အချက်တွေ ရှိပါတယ်။

လိုက်ဖက်မှု

သတို့သမီးတစ်ဦး ကျက်သရေရှိရှိ လှပနေဖို့ဆိုတာ လိုက်ဖက်မှုရှိဖို့ လိုပါတယ်။ ဘယ်လိုအရာတွေနဲ့ လိုက်ဖက်ရမလဲဆိုတော့ သတို့သမီးလေး ဝတ်မယ့် မင်္ဂလာဝတ်စုံ၊ ဆံပင်အပြင်အဆင်နဲ့ လိုက်ဖက်ဖို့ လိုပါတယ်။ အရောင်ရော၊ ဒီဇိုင်းပါ လိုက်ဖက်မှု ရှိဖို့ လိုပါတယ်။ မင်္ဂလာဝတ်စုံ အရောင်နဲ့ ကျောက်မျက်ရတနာရဲ့ အရောင် လိုက်ဖက်ရပါမယ်။

တစ်ဆင်စာပြည့်ပါစေ (photo: Life Today)

တစ်ဆင်စာ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေးမှာ ကျောက်မျက်ရတနာ အစစ်တွေ ဝတ်မယ်ဆိုရင် တစ်ဆင်စာ အစအဆုံး ပြည့်ဖို့ လိုပါတယ်။ ဆွဲကြိုးပဲဝတ်မယ်၊ ကျန်တာကို ဖန်စီတွေ ဝတ်မယ်ဆိုရင် ဘယ်လိုမှ မလှနိုင်တာကို သတိပြုရပါမယ်။ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် အပြည့်အစုံ တစ်ဆင်စာ ပြည့်ဖို့သတိပြုနော်။

ဝတ်စုံနဲ့ မိတ်ကပ်ရွေးတဲ့အခါ

ဝတ်စုံနဲ့ မိတ်ကပ်ရွေးတဲ့အခါမှာ ကျောက်မျက်ရတနာ အစစ်ဝတ်မယ့်အကြောင်း ပြောပြပါ။ ကျောက်မျက်ရတနာကိုလည်း ဖုန်းနဲ့ ရိုက်သွားပြီး ပြပါ။ အရောင်တိုက်ပြီး ရွေးဖို့ သတိရပါနော်။ အရောင်ကွဲနေရင် မလှဘူးဆိုတာ သတိထားပါ။ မိတ်ကပ်ဆရာကိုလည်း ပြပါ။ ဒါမှ အလိုက်ဖက်ဆုံး ပြင်ပေးနိုင်မှာပါ။ ဆံထုံးမှာရော ဘာသုံးမလဲဆိုတာ စဉ်းစားလို့ ရမှာပါ။

ကျောက်မျက်ရတနာအစစ်တွေ ဝတ်မယ်ဆိုရင် (photo: Life Today)

ပွဲနေ့ရောက်တဲ့အခါ

ပွဲနေ့ ရောက်တဲ့အခါမှာ ဘယ်သူသယ်လာပေးမလဲဆိုတာ ကြိုတင်ပြီး စီစဉ်ထားပါ။ ပွဲနေ့မှာ သတို့သမီးလေးက တခြားကိစ္စတွေနဲ့ အလုပ်တွေ များနေမှာဆိုတော့ လက်ဝတ်လက်စားတွေ သယ်ဖို့အတွက် စိတ်ဖိစီးမှုတွေ များလို့ မဖြစ်ပါဘူး။ မိသားစုဝင်တွေထဲက တစ်ယောက်ယောက် သယ်လာပေးမလား ကြိုတင်စီစဉ်ထားပါ။ ပွဲနေ့ ဝတ်တဲ့အခါမှာလည်း သတို့သမီးလေးတို့ ကျမပျောက်ဖို့ သတိထားရပါမယ်နော်။ မင်္ဂလာပွဲမှာ လူများပြီး ပျာယာခတ်နေနိုင်တာကြောင့်ပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့မှာ လက်ဝတ်လက်စားတွေကို အစစ်ဝတ်မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေ သိပြီဆိုတော့ သေချာလေး ပြင်ဆင်ပါနော်။

From Marry with


Comments

0 comments
Latest video