Advertisement

 ဆံထုံး ထုံးပေးမယ့်သူ ရွေးတဲ့အခါမှာ သူရဲ့ ဆံထုံးထုံးပေးထားတဲ့ ပုံတွေ၊ ဆံထုံး ဒီဇိုင်းလေးတွေနဲ့ ဆင်ယင်ထုံးဖွဲ့မှုအကြောင်းကို သေချာလေး သိထားဖို့ လိုပါတယ်။

သတို့သမီးလေးတို့ စိတ်ကူးထဲက မင်္ဂလာပွဲလေးက ဘယ်လိုပုံစံလေးလဲ။ သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ  ထိုင်မသိမ်းဝတ်ပြီး ဆံထုံးထုံးမယ်ဆိုရင်တော့ ဝတ်စုံအတွက်လည်း ကြိုတင်စဉ်းစားဖို့ လိုသလို ဆံထုံး ထုံးမယ့်ပုံစံကိုလည်း ကြိုတင်ရွေးချယ်ထားရမှာပါ။ ဒီတော့ ပုံစံကို စဉ်းစားဖို့ လိုသလို ထုံးပေးမယ့်သူလည်း သေချာရွေးဖို့ လိုပါတယ်။ နှစ်ခုစလုံး အံဝင်ခွင်ကျ ဖြစ်မှ လှမှာကို သတိချပ်နော်။

ဆံထုံးပုံစံနဲ့ လက်ရာ

ဆံထုံး ထုံးပေးမယ့်သူ ရွေးတဲ့အခါမှာ သူရဲ့ ဆံထုံးထုံးပေးထားတဲ့ ပုံတွေ၊ ဆံထုံး ဒီဇိုင်းလေးတွေနဲ့ ဆင်ယင်ထုံးဖွဲ့မှုအကြောင်းကို သေချာလေး သိထားဖို့ လိုပါတယ်။ ကိုယ်ထုံးချင်တဲ့ ဆံထုံးမျိုး ထုံးပေးဖို့ အဆင်ပြေတဲ့သူလားဆိုတာကို အရင်ဆုံး ဦးစားပေး ရွေးချယ်ပါ။ လက်ရာတွေကို ကြည့်ရင်းနဲ့ ကိုယ်ဘယ်လိုဆံထုံး ပုံစံ ထုံးလို့ရမလဲဆိုတာလည်း သိလာနိုင်မှာပါ။

ဆံထုံး ထုံးပေးမယ့်သူနဲ့လည်း တွေ့ပါ

ကိုယ်ကြိုက်တဲ့တစ်ယောက်ကို ရှာတွေ့ပြီဆိုရင် အရင်ဆုံး စကားပြောကြည့်ပါ။ ကိုယ်ကြိုက်တဲ့ ဆံထုံးပုံလေး ပြပါ။ နောက်ပြီး သူပြင်ထားတဲ့ထဲက ကိုယ်မကြိုက်တဲ့ မလိုချင်တဲ့ ပုံစံလေးလည်း ပြပါ။ ဥပမာ ရှေ့ဆံမြိတ်ချတာကိုတော့ မကြိုက်ဘူးဆိုတာမျိုးပေါ့။ ဒါမှ ဆံထုံး ထုံးပေးမယ့်သူက သတို့သမီးလေးရဲ့ အကြိုက်ကို သိပြီး အလှဆုံး ဖြစ်အောင် ထုံးဖွဲ့ပေးနိုင်မှာပါနော်။

ဆံထုံး

ဆံထုံး (photo mizzlu)

ဘယ်လိုဆံထုံးကို ပိုအားသာလဲ

ဆံထုံးထုံးပေးမယ့်သူ ရွေးချယ်တဲ့အခါ ဘယ်လိုဆံထုံးမျိုးကို အားသာသလဲဆိုတာ စဉ်းစားပါ။ တချို့က Fancy ပုံစံထုံးဖွဲ့မှုမှာ အားသာပြီး တချို့ကတော့ နန်းဆန်ပြီး သေသပ်တဲ့ ဆံထုံးမျိုး ထုံးဖွဲ့ရာမှာ အားသာတတ်ကြပါတယ်။ သတို့သမီးလေးတို့ ဆောင်မယ့် မင်္ဂလာပွဲပေါ် မူတည်ပြီး ရွေးချယ်ပေးနော်။

အကြံဉာဏ်ပေးနိုင်တဲ့သူ ဖြစ်ပါစေ

ဆံထုံး ထုံးပေးမယ့်သူက ကိုယ့်ကို အကြံဉာဏ်ပေးနိုင်တဲ့သူ ဖြစ်ရင် ပိုအဆင်ပြေမှာပါ။ ကိုယ့်ရဲ့ မျက်နှာကျလေးနဲ့ လိုက်ဖက်မှု ရှိအောင် ထုံးဖွဲ့ပေးမယ့်သူပေါ့။ ကိုယ်ပန်ချင်တဲ့ ပန်းဆိုရင်လည်း လိုက်ဖက်မှုရှိလား၊ ဘယ်လောက် များများ ပန်ရမလဲ၊ ဒါမျိုးတွေ အကြံဉာဏ်ပေးနိုင်မယ့်သူ ရှာပါ။ တချို့တွေဆိုရင် သတို့သမီးလေးက ပန်းအများကြီး ပန်ချင်တယ်၊

ဒါပေမယ့် မျက်နှာကျက ပန်းအများကြီး ပန်လို့ မလှဘူး။ ဒါဆိုရင် ပန်းအများကြီးဆို မလှကြောင်း၊ဘယ်လို ပန်းတပွင့်တည်း ပန်လိုက်ရင် ပိုလှနိုင်ကြောင်းအကြံပေးတဲ့သူ ဖြစ်ပါစေနော်။

 ထိုင်မသိမ်းဝတ်ပြီး ဆံထုံးအပြင်အဆင်နဲ့ မင်္ဂလာပွဲထွက်မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆံထုံးထုံးပေမယ့်သူနဲ့ အချိတ်အဆက် မိနေဖို့ လိုတယ်နော်။ ဒါမှ ကျက်သရေရှိပြီး လှပတဲ့ သတို့သမီးလေးဖြစ်နေမှာပါ။

Comments

0 comments