တကယ်တော့ မင်္ဂလာဆောင်တဲ့နေ့မှာ မိန်းကလေးတွေတော်တော်များများက ငယ်စဉ်တည်းက နှစ်သက်ခဲ့ရတဲ့ အိပ်မက်ထဲက မင်းသမီးလေးတစ်ပါးအတိုင်း ဖြစ်နေဖို့ အားလုံးမျှော်လင့်ထားကြပါတယ်။ ဒီတခါတော့ ငယ်ရွယ်ပြီး သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းကို သတို့သမီးတွေအတွက် ပြောပြပေးချင်ပါတယ်။
ဒီလိုလိမ်းခြယ်မှုအတွက် ပေါင်းစပ်ထားတဲ့အရောင်များကတော့ ပန်းရောင်၊ ကြေးဝါရောင် နဲ့ ပုလဲအဖြူရောင်များ ဖြစ်ပါတယ်။ ဒီကာလာအရောင်တွေက သတို့သမီးလေးကို သဘာဝဆန်တဲ့အသွင်ရရှိစေပြီး တခြားမတူတဲ့ သတို့သမီးဝတ်စုံ နဲ့ လှပတဲ့ဆံပင်ပုံစံတွေ ပေါင်းစပ်လာတဲ့အခါ တကယ့်ကို လှပတဲ့ မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးဖြစ်သွားစေမှာပါ။

လှပတဲ့သတို့သမီးသဘာဝမိတ်ကပ်အတွက်လိုအပ်တဲ့အခြေခံအချက်များ
သဘာဝဆန်တဲ့မိတ်ကပ်ကိုပြင်ဆင်ချင်တဲ့ မင်္ဂလာသတို့သမီးလေးတစ်ယောက်က ဒီအချက်တွေကို မမေ့သင့်ပါဘူး :
- မျက်နှာကို cleanser အသုံးပြုပြီး ဆေးကြောပါ။
- ပိုမို ကောင်းမွန်တဲ့ အသားအရေကိုကာကွယ်ပြီး ပိုင်ဆိုင်ဖို့အတွက် Lotion လိမ်းပေးပါ။ မျက်နှာပြင်တောက်ပြောင်မှုက ပိုမိုလိုအပ်တယ်ဆိုပေမယ့် မျက်နှာပြင် နဲ့ လည်ပင်း အသားအရောင် တူညီစေရန်အတွက် အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
- အသားအရေပေါ်မှာ ရှိတဲ့ ဝက်ခြံများနဲ့အမည်းစက်များကို ဖုံးအုပ်ဖို့အတွက် concealer ကို အသုံးပြုပေးပါ။
- ပေါင်ဒါအသုံးပြုတဲ့အခါ Brush နဲ့ အသုံးပြုပါ။
- ကိုယ်ကြိုက်တဲ့ နှာခေါင်းပုံစံမျိုးကို ရရှိဖို့အတွက်ဆိုရင်လည်း နှာတံဖော်တာကို မဖြစ်မနေ ပြုလုပ်ပါ။
သတို့သမီးများအနေနဲ့ ဘယ်လိုမိတ်ကပ်ပုံစံမျိုးပဲ ပြင်ဆင်ပါစေ ကိုယ့်ရဲ့ နဂိုအောက်ခံ အသားအရေဟာ အထူးကောင်းမွန်ပြီး ကြည်လင်ရှင်းသန့် နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မျက်နှာကို ပုံမှန်ထက်ပိုပြီး ဂရုတစိုက်ဆေးကြောသန့်စင်ပေးတာတွေဟာ မိတ်ကပ်ဘာပဲလိမ်းလိမ်း အထောက်အကူဖြစ်စေပါတယ်။

လှပတဲ့သတို့သမီးသဘာဝမိတ်ကပ်အတွက် ပြင်ဆင်ရမယ့်အချက်များ
အခုပြောပြပေးမယ့် အချက်တွေကတော့ မိတ်ကပ်ပြင်တဲ့အခါ အရေးကြီးတဲ့အချက်တွေပါ :
- အဆင့်တစ် : များသောအားဖြင့် မျက်ခုံးကို အညိုရောင် နဲ့ အနက်ရောင် အသုံးများကြပေမယ့် အခုမျက်ခုံးအရောင်ကို မင်္ဂလာဆောင်မှာထားမယ့် ဆံပင်အရောင် အတိုင်း အသုံးပြုပါ။
- အဆင့် နှစ် : မျက်လုံးအတွက် ပြင်ဆင်ရပါမယ်။ မျက်လုံးအတွက်အရောင်ကိုတော့ ငွေရောင်ကို ပန်းရောင် ဒါမှမဟုတ် ကြေးနီရောင် တို့ကို ပေါင်းစပ်ပြီး အသုံးပြုပေးရပါမယ်။ မျက်လုံးခြယ်သမှုဟာ မျက်နှာတစ်ခုလုံးမှာ အပေါ်လွင်ဆုံး ဖြစ်တာမို့ မျက်လုံးအနေအထားကို အထူးဂရုစိုက်ပြီး ခြယ်သပေးရမှာပါ။ မျက်တောင်တု အသုံးပြုဖို့ ရွေးချယ်တဲ့အခါ အရမ်းထူထဲလွန်းတဲ့ မျက်တောင်တုတွေက သဘာဝမဆန်တဲ့အတွက် ပါးလွှာပြီးနဂိုမျက်တောင်များနဲ့ တူတဲ့ မျက်တောင်တုမျိုးသာ ရွေးချယ်တပ်ဆင်ပါ။
- အဆင့် သုံး : ပါးနီခြယ်ရမယ် ။ ပါးနီအသုံးပြုတဲ့အခါ Brush ကိုအပေါ်သို့ ပင့်တင် ဆွဲပါ။ မျက်နှာပြင် တောက်ပဖို့အတွက် လန်းဆန်းတဲ့ ပါးနီအရောင်များကို ရွေးချယ်ပါ။ ပါးနီခြယ်တော့မယ်ဆိုရင် အရင်ဆုံး မျက်နှာကို ပြုံးထားပြီးမှ ပေါ်လာတဲ့ ပါးမို့ပေါ်ကို လိမ်းခြယ်ရပါမယ်။
- အဆင့် လေး : နောက်ဆုံး နှုတ်ခမ်းနီ အဆင့်ပါ။ နှုတ်ခမ်းနီ ဆိုးတဲ့အခါ နူးညံ့တဲ့ နှုတ်ခမ်းသားအစုံကို ပိုင်ဆိုင်စေဖို့အတွက် အောက်ကအထပ် ရေဓါတ်ပါဝင်တဲ့ lip balm ကိုအရင်ဆိုးပြီးမှ အရောင်ပါတဲ့ နှုတ်ခမ်းနီကို ဆိုးပါ။ သဘာဝဆန်တဲ့အသွင် ရရှိဖို့အတွက် နှုတ်ခမ်းနီအရောင်ကို လိမ္မော်ရောင်၊ ပန်းရောင် စတာတွေနဲ့ သဘာဝအလှကို ဖန်တီးပေးပါ။
အခုပြောပြပေးခဲ့တာကတော့ မင်္ဂလာဆောင်သတို့သမီးလေးများအတွက် သဘာဝဆန်တဲ့မိတ်ကပ်ပြင်ဆင်မှုအကြောင်းပါ။ မင်္ဂလာသတို့သမီးလေးများအားလုံး ပျော်စရာအကောင်းဆုံးအချိန်လေးများမှာ အလှဆုံးသတို့သမီးလေးတွေ ဖြစ်ပါစေလို့ Marry မှ ဆုတောင်းပေးပါတယ်ရှင်
Comments