Advertisement

သတို့သမီးလေးတို့ မင်္ဂလာဆောင်အတွက် ပြင်ဆင်တဲ့အခါ သတို့သားလေးရဲ့ ဝတ်စုံရွေးချယ်မှု အဆင့်ကို ကျော်ခဲ့လို့ မရဘူးနော်။

ကျက်သရေရှိပြီး လိုက်ဖက်ညီတဲ့ မင်္ဂလာမောင်နှံလေးဖြစ်ဖို့ဆိုတာ သတို့သားရဲ့ ခန့်ညားမှုလည်း ပါဝင်ပါတယ်နော်။ သတို့သားလေးရဲ့ မင်္ဂလာဝတ်စုံကိုလည်း ဂရုစိုက်ရပါမယ်။ မင်္ဂလာပွဲက သတို့သမီးလေး စိတ်ကြိုက်ဖန်တီးတာဆိုပေမယ့် သတို့သားလေးရဲ့ သဘောထား၊ အကြိုက်ကိုလည်း မေးသင့်ပါတယ်နော်။ သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါမှာလည်း သတို့သမီးလေးတို့ မေ့နေတတ်တာ ရှိပါတယ်။

သတို့သားရဲ့ အသားအရေ

သတို့သားလေးရဲ့ အသားအရောင်ကိုလည်း ကြည့်ဖို့ လိုပါတယ်။ ဝတ်စုံက သတို့သမီးလေးနဲ့ လိုက်ဖက်ရုံတင်မက သတို့သားလေးနဲ့ လိုက်ဖက်ဖို့လည်း လိုပါတယ်။ သတို့သမီးလေးနဲ့ လှပြီး သတို့သားလေးနဲ့ မလိုက်ဖက်ရင် ဘယ်အဆင်ပြေမလဲနော်။ တချို့သတို့သမီးလေးတွေက သတို့သားရဲ့ အသားအရေကို မေ့နေတတ်ပါတယ်။

ဒီဇိုင်း

သတို့သမီးလေးတို့လိုပဲ သတို့သားလေးတို့လည်း ဒီဇိုင်းထွင်လို့ ရပါတယ်။ သတို့သားလေးတို့ တိုက်ပုံမှာလည်း တချို့ဆိုရင် ပန်းခက်လေးတွေ၊ ကျောက်လေးတွေ သုံးပြီး အလှဆင်တာမျိုး ရှိပါတယ်။ အရောင်ဆိုရင်လည်း သတို့သားလေးရော ကြိုက်လား မေးပါ။ သတို့သားလည်း ကြိုက်မှ ရွေးချယ်ပါနော်။ သတို့သမီးလေးတို့အနေနဲ့ သတို့သားအတွက် ဝတ်စုံရွေးချယ်တဲ့အခါ သူကြိုက်နှစ်သက်တဲ့အရောင်ကို မမေ့ပါနဲ့။

(photo: weddingideasmag.com)

Fitting

သတို့သမီးလေး တော်တော်များများ မေ့နေတတ်တာ သတို့သားရဲ့ ဝတ်စုံ Fitting ပါ။ သတို့သမီးလေးတို့ ခန္ဓာကိုယ်နဲ့ ကွက်တိ မဖြစ်ရင် မင်္ဂလာပွဲနေ့မှာ စိတ်ညစ်သလို သတို့သားလေးတို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စုံ အပ်တာ ရွေးတဲ့အခါမှာ သတို့သမီးလေးဝတ်စုံလိုပဲ သတို့သားဝတ်စုံကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။

ဆိုဒ်

မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါမှာ အငှား၊ အသစ်ချုပ်အငှားနဲ့ အပိုင်ဆိုပြီး (၃) မျိုး ရွေးချယ်စရာ ရှိပါတယ်။ ကိုယ်တိုင်းနဲ့ ချုပ်တာက ပြဿနာ မရှိပေမယ့် ပြန်ညှိပြီး ဝတ်မယ်ဆိုရင်တော့ ဆိုဒ်ကို သေချာ ရွေးဖို့ လိုပါတယ်။ သတို့သမီးလေးနဲ့တော့ ဝတ်စုံက အဆင်ပြေပါရဲ့ သတို့သားနဲ့ကျ ပခုံးမတော်တာ၊ လက်နေရာ ရှည်လွန်း၊ တိုလွန်းတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဆိုရင် သတို့သမီး ဝတ်စုံ ဘယ်လောက်အဆင်ပြေပြေ လုံးဝ မရွေးချယ်ပါနဲ့။ နှစ်ယောက်စလုံး အဆင်ပြေမှသာ ရွေးချယ်ပါ။ ဒါမှ သတို့သားက ပွဲနေ့မှာ ကြည့်ရ အဆင်ပြေမှာပါ။

(photo: easyweddings.com.au)

ပွဲနေ့မှာစီးမယ့်ဖိနပ်

သတို့သားလေးတို့ မင်္ဂလာပွဲနေ့မှာ စီးမယ့်ဖိနပ် ယူသွားပါ။ ပွဲနေ့ စီးမယ့်ဖိနပ် မဟုတ်ရင်တောင် ပုံစံတူတာမျိုးပေါ့။ ဒါမှ ဝတ်စုံရဲ့ အရှည်ကို မှန်းလို့ ရမှာပါနော်။ တောင်ရှည်ပုဆိုးပဲ ဖြစ်ဖြစ်၊ ဘောင်းဘီပဲ ဖြစ်ဖြစ် အရှည်ကို တိုင်းတာလို့ ရအောင် ဖိနပ် မဖြစ်မနေ ယူသွားပါ။

အရောင်

သတို့သားလေးအတွက်ဝတ်စုံအရောင် ရွေးချယ်တဲ့အခါမှာလည်း သတို့သမီးလေးနဲ့ အရောင်ဆင်တူ ရွေးချယ်ကြတာ များပါတယ်။ သတို့သမီးလေးက အဖြူရောင်ဂါဝန်ဆိုရင် သတို့သားလေးရဲ့ အနောက်တိုင်း ဝတ်စုံက ရွေးစရာ အရောင်များပါတယ်။ သတို့သမီးလေး ရွေးထားတဲ့အရောင်က သတို့သားလေးနဲ့ လိုက်ဖက်ရဲ့လားဆိုတာလည်း စဉ်းစားပါ။ ဆိုင်မှာ ရွေးတဲ့အခါ အရောင်ဆင်တူယိုးမှားတွေ အများကြီး ရှိတာမို့ သေချာ ရွေးချယ်ဖို့တော့ လိုပါတယ်။

 

Comments

0 comments