သတို့သမီးလေးတို့ ရေ မင်္ဂလာဝတ်စုံအတွက် အတွင်းခံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ အတွင်းခံ ကြပ်နေတာ၊ ချောင်နေတာ၊ အသားနဲ့ ထိနေပြီး ပွန်းပဲ့နာနေတာမျိုး ဖြစ်နေတယ်ဆိုရင် ပွဲမှာ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။ နောက်ပြီး အတွင်းခံက သတို့သမီးလေးတို့ရဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပေါ်လွင်အောင် ထောက်ပံ့မပေးဘူးဆိုရင်လည်း မင်္ဂလာဝတ်စုံဘယ်လောက်လှလှ စိတ်တိုင်းကျနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သတို့သမီးလေးတို့ အတွင်းခံ ရွေးချယ်တဲ့အခါ သိထားသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်နော်။
မြန်မာထိုင်မသိမ်းဆိုရင်
သတို့သမီးလောင်းလေးတို့ ထိုင်မသိမ်းအတွက် အတွင်းခံရွေးချယ်မယ်ဆိုရင် အရင်ဆုံး ထိုင်မသိမ်းက အငှားလား၊ အသစ်ချုပ်မှာလားဆိုတာ အရင် ဆုံးဖြတ်ပါ။ အငှားမှာဆိုရင်တော့ အတွင်းခံက ကိုယ်တိုင် စီစဉ်ရမှာပါ။ အသစ်ချုပ်ဆိုရင်တော့ အတွင်းခံက တစ်ခါတည်း ကိုယ်နဲ့ တစ်ခါတည်း ကွက်တိ ဖြစ်အောင် ချုပ်မှာပါ။ သတို့သမီးလောင်းလေးတို့ အငှားပဲ ဖြစ်ဖြစ်၊ အသစ်ချုပ်ပဲ ဖြစ်ဖြစ် ရွေးဖို့ အပ်ဖို့ သွားတဲ့အခါ ကိုယ်နဲ့ ကွက်တိဖြစ်ပြီး ပုံကျတဲ့ အတွင်းခံကို ဝတ်သွားပါ။ ဒါမှ ဝတ်စုံ ရွေးတဲ့အခါ ကွက်တိဖြစ်တာလေး အနီးစပ်ဆုံး ရမှာ ဖြစ်သလို အသစ်ချုပ်မယ့် ဒီဇိုင်နာကလည်း တိုင်းရ ချုပ်ရ အဆင်ပြေမှာပါ။
မင်္ဂလာပွဲနေ့မှာ ဝတ်မယ်ဆိုရင် ကြိုးပျောက်ဘရာစီယာ၊ ဘရာစီယာ အပျော့တွေ မဝတ်ဘဲ ဆိုင်မှာတင် တခါတည်း အပ်လို့ ရတဲ့ ထိုင်မသိမ်းအတွက် အဆင်ပြေစေမယ့် ဘရာစီယာမျိုးကို ဝတ်ပါ။ အောက်ဘက် အတွင်းခံကိုတော့ အရမ်းမထူတဲ့ ဗိုက်ချပ်ဘောင်းဘီ ဒါမှမဟုတ် Shaper လိုမျိုးလေးတွေ ရှာဝတ်ပါ။ ကိုယ်က ရင် ခါး တင် ပေါ်ချင်တယ်ဆိုရင်လည်း ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး တင်နေရာမှာ ဖော့ထည့်တာမျိုးလေးလည်း လုပ်ဆောင်ပါ။ သက်တောင့်သက်သာ ရှိဖို့အတွက်တော့ ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။
အနောက်တိုင်းဝတ်စုံ
အနောက်တိုင်းဝတ်စုံအတွက်ရွေးချယ်မယ်ဆိုရင်လည်း အတွင်းခံက အရေးကြီးပါတယ်။ အနောက်တိုင်း ဂါဝန်လေးတွေက ခါးသေးလေ ပိုလှလေပါ။ ဒါမှ အောက်ဘက် ဂါဝန်ကားကားလေး ပေါ်လွင်မှာပါ။ အနောက်တိုင်း ဝတ်စုံအတွက် အတွင်းခံ ရွေးချယ်ပြီဆိုရင်တော့ ထိုင်မသိမ်းလို အပေါ်ဘက်နဲ့ အောက်ဘက် တစ်ခုစီ ရှာစရာမလိုဘဲ တခါတည်း Shaper ရွေးချယ်ရမှာပါ။ တဆက်တည်းဖြစ်တဲ့ အတွင်းခံမျိုးပေါ့။ Shaper တွေမှာလည်း ရွေးချယ်စရာတွေ များပါတယ်။
ကိုယ်က တင်အတုပါ လိုချင်တယ်ဆိုရင်လည်း တစ်ခါတည်း ပါတာမျိုး ရှိပါတယ်နော်။ ဈေးနှုန်းတွေလည်း သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်အထိ ရှိတာမို့ သေချာလေး ရွေးချယ်ဖို့တော့ လိုပါတယ်။ အပျော့သားတွေ ရှိသလို မာတာတွေလည်း ရှိပါတယ်။ အရမ်းမာတာမျိုးတော့ မရွေးချယ်မိဖို့ လိုပါတယ်။

အဆင်ပြေအောင်
အဆင်ပြေအောင်
သတို့သမီးလေးတို့ အတွင်းခံ ရွေးချယ်လာပြီးပြီဆိုရင်တော့ ကြိုတင်ပြီး အစမ်းဝတ်ကြည့်ပါ။ ခဏလေး ဝတ်တာမဟုတ်ဘဲ အချိန်(၃) နာရီစာလောက် ဝတ်ကြည့်ပါ။ နောက်ပြီး ဝတ်စုံ ရလာရင်လည်း ဝတ်စုံနဲ့အတူ အစမ်းဝတ်ကြည့်ပါ။ ဒါမှသာ အဆင်ပြေ မပြေ မင်္ဂလာပွဲ မတိုင်ခင် ကြိုတင်သိနိုင်မှာပါ။ မပြေတာရှိရင်လည်း နောက်တစ်ခု စီစဉ်ချိန်ရတာပေါ့နော်။ အရမ်းကြပ်တာမျိုး မဝတ်ပါနဲ့။ သက်တောင့်သက်သာ မဖြစ်ရင် ဘယ်လိုမှ လှအောင် မပြုံးနိုင်ပါဘူး။ ဒါကြောင့် သက်တောင့်သက်သာဖြစ်ဖို့လည်း သတိထားပါ။
ထိုင်မသိမ်း၊ အနောက်တိုင်း ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်လွင်စေမယ့်အပြင် မင်္ဂလာပွဲနေ့မှာ အလှဆုံး ပြုံးနိုင်တဲ့ သတို့သမီးလေး ဖြစ်ဖို့ အတွင်းခံရွေးတဲ့အခါ သိထားသင့်တာတွေရှိတယ်နော်။
Comments