သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲအတွက် ခန်းမပြီးရင် ဒုတိယ ဦးစားပေး စီစဉ်ဖြစ်တာက မိတ်ကပ်ဆရာပဲ ဖြစ်မှာပါ။ မိတ်ကပ်ဆရာ အဆင်ပြေမှသာ ကျက်သရေ ရှိတဲ့ သတို့သမီးလေး တစ်ဦးဖြစ်မှာ ဖြစ်သလို ပွဲထွက်ချိန် ကွက်တိဖြစ်ပြီး ပွဲထွက် နောက်ကျတာတွေ၊ ဓါတ်ပုံမရိုက်လိုက်ရတာတွေ မဖြစ်တော့မှာပါ။ ဒီတော့ မင်္ဂလာပွဲမှာ အရေးကြီးတဲ့ မိတ်ကပ်ဆရာ စီစဉ်တဲ့အခါမှာ လိုအပ်တဲ့ အချက်လေးတွေ ပြောပြမယ်နော်။
ကြိုတင် အပ်ပါ
သတို့သမီးလေးတို့ မင်္ဂလာဆောင်အတွက် စီစဉ်တဲ့အခါမှာ စိတ်ပူတာကတော့ ကိုယ်လိုချင်တဲ့ မိတ်ကပ်ဆရာ ရ မရ ပါပဲ။ ကိုယ်လိုချင်တဲ့ မိတ်ကပ်ဆရာက နာမည်ကြီးပြီး ပွဲချိန် ပြည့်နေတတ်တဲ့သူ ဆိုရင်တော့ အနည်းဆုံး (၆) လလောက် ကနေ ကြိုအပ်ထားဖို့ လိုပါတယ်။ ဒါမှ စိတ်ချရပါမယ်နော်။
ပုံစံ
သတို့သမီးလေးတို့ စီနီယာ သတို့သမီးတို့ရဲ့ ပြင်ဆင်ခြယ်သမှုတွေကိုလည်း လေ့လာပြီး လိုက်ကြည့်ပါ။ ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေ ရှိရင် သိမ်းထားတာမျိုး၊ ဘယ်သူနဲ့ ပြင်လဲ စုံစမ်းတာမျိုး လုပ်ပါ။ နောက်ပြီး ကိုယ်ပြင်ချင်တဲ့ ပုံစံလေးလည်း ကြိုတင်ပြီး စဉ်းစားထားပါ။ ဆံထုံးမှာလည်း ရွေးချယ်စရာတွေ များတာမို့ ကြိုက်တဲ့ ပုံစံ (၅) ခုလောက် သိမ်းထားပါ။ မိတ်ကပ်ပညာရှင်၊ ဆံထုံးပညာရှင်နဲ့ တွေ့တဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ ကိုယ့်မျက်နှာကျ ကိုက်ညီမယ့် မိတ်ကပ်အပြင်အဆင်ရဖို့ တိုင်ပင်ဆွေးနွေးပါ။ ကိုယ်က မျက်နှာသွယ်တာလေး ကြိုက်ရင်ဆံထုံး ထုံးတဲ့အခါ ဘယ်လိုထုံးလို့ ရမယ်ဆိုတာမျိုး သူတို့ အကြံဉာဏ် ပေးနိုင်ပါတယ်။

အစမ်းလိမ်းပါ
အစမ်းလိမ်းပါ
အရင်တုန်းကတော့ သတို့သမီးမိတ်ကပ်တွေကို အစမ်းပြင်လေ့ မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ အစမ်းလိမ်းတာမျိုးပါ ရှိလာပါပြီ။ သတို့သမီးလေးတို့ အနေနဲ့လည်း မိတ်ကပ်ကို အစမ်းပြင်ပေးမယ့် မိတ်ကပ်ပညာရှင်ကို ရွေးချယ်ပါ။ ဒါမှ အစမ်းလိမ်းတဲ့အချိန်မှာ လိုအပ်တာတွေ အားလုံး အဆင်ပြေမပြေဆိုတာ တစ်ခါတည်း သိနိုင်မှာပါ။ ကိုယ်လိုချင်တဲ့ပုံစံ ဟုတ်မဟုတ် ကြိုသိနိုင်မှာပါ။
ဘယ်အချိန်မှာ စပြင်မလဲ
သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ မိတ်ကပ်ကို ဘယ်အချိန် စပြင်မလဲ၊ ပွဲတိုက်တာ ရှိနေရင်လည်း ကိုယ့်ကို အရင်ပြင်မလား၊ မိတ်ကပ်ဆရာ မရောက်သေးရင်လည်း ဆံထုံး ထုံးတာတွေအတွက် တပည့်တွေ ကြိုရောက်ပေးပြီး ပြင်ဆင်ထားပေးမလားဆိုတာ မေးပါ။ ဒါဆိုရင်တော့ တပည့်တွေနဲ့ ဆံထုံး ထုံးတာမျိုး အရင်ကြိုလုပ်ထားပြီး မိတ်ကပ်ဆရာလာမှ ပြင်လိုက်မယ်ဆိုရင် ပိုပြီးတော့ မြန်နိုင်ပါတယ်။

ပွဲနေ့ လိမ်းခြယ်ရင်
တစ်နေရာတည်းမှာ လူစုခွဲပြင်ပါ
သတို့သမီးလေးတို့ မိတ်ကပ်ပြင်တာ နောက်ကျလို့ ပွဲထွက်ချိန် နောက်ကျမှာ စိုးတယ်ဆိုရင် နောက်ထပ် လုပ်ဆောင်ရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ လူစုခွဲပြီး မိတ်ကပ်ပြင်တာပါ။ မိတ်ကပ်ဆရာ တစ်ယောက်တည်းကပဲ အရံတွေရော၊ နှစ်ဖက်မိဘတွေကိုရော ပြင်ဆင်နေမယ်ဆိုရင် နောက်ကျနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာတည်းမှာပဲ သတို့သမီးအတွက်က မိတ်ကပ်ပညာရှင်က လိမ်းတယ်ဆိုရင် အရံတွေနဲ့ နှစ်ဖက်မိဘတွေက တခြားမိတ်ကပ်ပညာရှင်နဲ့ လိမ်းတာမျိုး လုပ်ပါ။ ဒါဆိုရင် တစ်နေရာတည်းမှာပဲ တပြိုင်တည်း အားလုံး လိမ်းခြယ်လို့ပြီးမှာပါ။ တစ်ယောက်တစ်နေရာစီမှာ လိမ်းရင်လည်း ပွဲကို ရောက်ဖို့ နောက်ကျတာတွေ ဖြစ်တတ်တာမို့ တစ်နေရာတည်းမှာ လူစုခွဲပြင်ဖို့ သတိရပါနော်။
ပွဲနေ့ လိမ်းခြယ်ရင်
အဲဒီနေ့ မိတ်ကပ်လိမ်းနေချိန်မှာ ဖုန်းသုံးနေတာမျိုး မဟုတ်ရင်တောင် ဘာစီစဉ်ထားတာက ဘာဖြစ်လို့၊ ဘယ်အစီအစဉ်က အဆင်မပြေလို့ စတဲ့ ကိစ္စတွေနဲ့ ဖုန်းဝင်လာတတ်ပါတယ်။ မိတ်ကပ်ပြင်နေချိန်မှာ ဖုန်းပြောတာက မိတ်ပ်ပြင်ပေးတဲ့သူအတွက် တကယ့်ကိုအနှောင့်အယှက် ဖြစ်စေတဲ့အရာပါ။ အဲဒီအချိန်မှာ ဖုန်းကို မိသားစုဝင်ကို ပေးထားပြီး အဲဒီ မိသားစုဝင်က ဖြေရှင်းတတ်အောင် တစ်ခါတည်း ပြောထားပေးပါ။ ဥပမာ စားစရာတွေ မှာထားတယ်ဆိုရင်လည်း လိပ်စာသေချာ ညွှန်တာ၊ ငွေရှင်းတာ စတာတွေကို သတို့သမီးလေးက မပြောတော့ဘဲ မိသားစုဝင်တစ်ဦးဦးဆီ အားလုံး လွှဲထားပေးပါနော်။
သတို့သမီးလေးတို့ မင်္ဂလာဆောင်မှာ သတို့သမီးမိတ်ကပ်အတွက် စိတ်မပူရဘဲ အားလုံး အဆင်ပြေချင်တယ်ဆိုရင်တော့ မိတ်ကပ်စီစဉ်တဲ့အခါ Marry က ပြောပြထားတာလေးတွေ မမေ့နဲ့နော်။
Comments