Advertisement

မင်္ဂလာပွဲနေ့မှာ ဟိုဟာကျန်ခဲ့ ဒီဟာမေ့ခဲ့ မဖြစ်ရလေအောင် Marry က ပြောပြထားတဲ့ Accessories လေးတွေ ကြိုတင်ထည့်ထားနော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အစစအရာရာ ပြည့်စုံပြီး လှပတဲ့သူ ဖြစ်ဖို့ဆိုတာ ကိုယ့်အလှကို ပံ့ပိုးပေးမယ့် Accessories လေးတွေ ရှိနေဖို့ လိုပါတယ်။ ဒီ့အတွက်လည်း သတို့သမီးလေးတို့က ကြိုတင်ပြီး စီစဉ်ထားရမှာပါ။ မင်္ဂလာပွဲနေ့မှာ အဆင်သင့်ဖြစ်နေသင့်တဲ့ Accessories တွေ ဖော်ပြပေးလိုက်ပါတယ်။

ဆံထုံးအတွက်

သတို့သမီးလေးတို့ရေ ဆံထုံး ထုံးဖွဲ့ပြီး ကိုယ်ဘယ်လို အမျိုးအစားလေးတွေ ဆင်မြန်းမလဲဆိုတာ ကြိုတင်တွေးထားပါ။ ပန်းပန်မှာဆိုရင်လည်း ပွဲနေ့မှာ အချိန်မီ ရောက်လာဖို့အတွက် ပြင်ဆင်ထားပါ။ သတိပြုရမယ့် အချက်တစ်ချက်ကတော့ ပန်းတွေ လတ်လတ်ဆတ်ဆတ် ရှိနေဖို့ပါ။ နောက်တစ်ချက်ကတော့ ဆံထုံးထုံးတဲ့အခါ ထည့်မယ့် ကျောက်ဆံထိုးလိုမျိုးလေးတွေပါ။ ဒါတွေကတော့ ဆံထုံး ပညာရှင်က ယူလာမှာလား၊ ကိုယ်က ဝယ်သွားရမှာလားပေါ့။ ဆံထုံး ထုံးပေးမယ့်သူဆီကနေ ငှားမယ်ဆိုရင်လည်း စရိတ် ထပ်ပေးရမလားဆိုတာ မေးပါ။ တချို့က ထပ်ပေးရပါတယ်။

ဖိနပ်

သတို့သမီးလောင်းလေး တော်တော်များများက မင်္ဂလာပွဲနေ့မှာ ပျာယာတွေခတ်ပြီး ဖိနပ်ယူသွားဖို့ မေ့တာမျိုး ရှိပါတယ်။ အိမ်ကနေ တန်းပြင်ပြီး မင်္ဂလာပွဲဆီ လာရင် မေ့လောက်မှာ မဟုတ်ပေမယ့် ဟိုတယ်ခန်းမရောက်မှ အားလုံးအစအဆုံး ပြင်ဆင်မယ့် သတို့သမီးလောင်းတွေကတော့ ဖိနပ်မေ့တာမျိုး ဖြစ်တတ်ပါတယ်။ ဖိနပ်မှာ ကျောက်တွေပါရင်လည်း ကွာတာမျိုး ရှိလား သေချာလေး စစ်ပါ။ ပုံတော်ကတ္တီပါ ဖိနပ်တွေမှာ ကျောက်ကပ်တာမျိုးဆို ပြုတ်နေတတ်ပါတယ်။ ကော်လေးတွေ ယူသွားဖို့လည်း မမေ့ပါနဲ့။

ဝတ်စုံနဲ့ အလှပုံ ရိုက်မယ်ဆိုရင်

သတို့သမီးလောင်းလေးတို့ ပွဲနေ့မှာ ဝတ်စုံနဲ့ အလှပုံ ရိုက်ဖို့ စီစဉ်ထားတယ်ဆိုရင် ဝတ်စုံချိတ်ဖို့ စင်၊ ချိတ်တွေလည်း ပြင်ဆင်ထားရပါမယ်။ ဝတ်စုံစီစဉ်ပေးတဲ့သူက စီစဉ်ပေးမလား ကြိုတင်ပြီး မေးပါ။ မစီစဉ်ပေးရင် အဲဒီအတွက် လိုအပ်တဲ့ Accessories လေးတွေလည်း ယူဆောင်သွားပါ။

နှုတ်ခမ်းနီ (photo:Inside Weddings)

နှုတ်ခမ်းနီ

မိတ်ကပ်အစမ်းပြင်ထားတဲ့ သတို့သမီးလောင်းလေးတို့က အဆင်ပြေပေမယ့် အစမ်းမပြင်ထားတာပဲ ဖြစ်ဖြစ် ပွဲနေ့ရောက်မှ မိတ်ကပ်ဆရာ ဆိုးပေးတဲ့ နှုတ်ခမ်းနီ အရောင်ကို မကြိုက်တော့တာ ဖြစ်ဖြစ်၊ မတော်တဆ ကိုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီ မိတ်ကပ်ဆရာက မထည့်လာမိတာ ဖြစ်ဖြစ် ကိုယ့်ဘက်က လိုလိုပိုပို နှုတ်ခမ်းနီ ဆောင်ထားသင့်ပါတယ်။ ဝတ်စုံနဲ့ လိုက်ဖက်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အမျိုးဖြစ်မယ့် နှုတ်ခမ်းနီ ယူဆောင်သွားပါ။

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲနေ့မှာ ဟိုဟာကျန်ခဲ့ ဒီဟာမေ့ခဲ့ မဖြစ်ရလေအောင် Marry က ပြောပြထားတဲ့ Accessories လေးတွေ ကြိုတင်ထည့်ထားနော်။

Tags: accessoriesadvicebeautybride

Comments

0 comments