Advertisement

ဝတ်စုံကို မထိန်းသိမ်းထားချင်ဘူးဆိုရင်တော့ အငှားနဲ့ အသစ်ချုပ် အငှားကို ရွေးချယ်လို့ ရပါတယ်

သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံ စဉ်းစားတဲ့အခါမှာ အပိုင်၊ အငှား၊ အသစ်ချုပ်အငှားဆိုပြီး ရွေးချယ်စရာ (၃) မျိုးတောင် ရှိပါတယ်နော်။ သတို့သမီးလေးတို့ ကုန်ကျစရိတ်လည်း ချွေတာချင်တယ် ဒါမှမဟုတ် ဝတ်စုံကိုလည်း မထိန်းသိမ်းထားချင်ဘူးဆိုရင်တော့ အငှားနဲ့ အသစ်ချုပ် အငှားကို ရွေးချယ်လို့ ရပါတယ်။ ဒါပေမယ့် သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံ အသစ်ငှားတဲ့အခါမှာ သိထားသင့်တာလေးတွေ ရှိပါတယ်နော်။

ကုန်ကျစရိတ်

ကုန်ကျစရိတ်

သတို့သမီးလေးတို့ရေ ပထမဆုံး ဝတ်စုံငှားမယ်ဆိုရင် ကုန်ကျစရိတ်ကို အရင်ဆုံး စဉ်းစားရပါမယ်နော်။ သတို့သမီးလေးတို့ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီး ဝတ်စုံရွေးချယ်ရမှာမလားနော်။ မင်္ဂလာသတို့သမီး ဝတ်စုံ အငှားကတော့ (၃) သိန်းကျပ် ဝန်းကျင်လောက်ကနေစပြီး ရှိပါတယ်။ ဝတ်စုံတွေကလည်း ပါဝင်တဲ့ Crystal အမျိုးအစားနဲ့ လက်ရာပေါ် မူတည်ပြီး ဈေးတွေ ကွဲပြားနိုင်ပါတယ်။

ဝန်ဆောင်မှု

မင်္ဂလာဝတ်စုံ ငှားတဲ့အခါမှာ ဝန်ဆောင်မှုတွေကို သေချာလေး မေးဖို့ လိုပါတယ်။ တချို့ ဝန်ဆောင်မှုတွေမှာတော့ သတို့သမီး ထိုင်မသိမ်း၊ အနောက်တိုင်းဝတ်စုံဖြစ်စေ သတို့သားအတွက်ပါ ဝန်ဆောင်မှု ပါဝင်တာမျိုး ရှိတတ်ပါတယ်။ ဒါကတော့ ငှားတဲ့ ဝန်ဆောင်မှုဆိုင်ပေါ်မှာ မူတည်ပါတယ်။ နောက်ပြီး မင်္ဂလာဝတ်စုံကို အစွန်းအထင်း တစ်ခုခု ဖြစ်တာမျိုး ရှိတယ်ဆိုရင်ရော ဘယ်လို ဝန်ဆောင်မှု ရှိတယ်ဆိုတာမျိုး ကြိုတင်ပြီး မေးမြန်းပါနော်။ စွန်းထင်းမလွယ်ပေမယ့် မတော်တဆ ဖြစ်တာမျိုး ရှိတတ်တာကြောင့်ပါ။

fitting ချပါ

အချိန်

သတို့သမီးလေးတို့ ဝတ်စုံငှားမယ်ဆိုရင် အချိန်၊ နေ့ရက်ကိုလည်း သေသေချာချာလေး မေးမြန်းရမှာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဝတ်စုံလေးကို ကိုယ့်မင်္ဂလာရက်မှာ ရနိုင်မလားဆိုတာ စုံစမ်းရမှာပါ။ နောက်တစ်ခုကတော့ သူတို့ဆီက ဝတ်စုံကို အချိန်ဘယ်လောက် စောစော ကြိုတင်ယူထားလို့ ရမလဲ၊ နောက်တစ်ခုကတော့ သူတို့ပဲ မင်္ဂလာဆောင်မယ့်ရက်ကျမှ ဝတ်စုံယူလာပြီး ဆင်မြန်းတာတွေ လုပ်ပေးမှာလား၊ ဝတ်စုံကိုရော ဘယ်အချိန် ပြန်အပ်ရမှာလဲ ဒါမျိုးတွေ ကြိုတင်ပြီး မေးမြန်းထားဖို့ လိုပါတယ်။

ရွေးချယ်တဲ့အခါ

သတို့သမီးလေးတို့ရေ ခုနောက်ပိုင်းမှာ မိတ်ကပ်ဆရာတွေဆီမှာလည်း မင်္ဂလာဝတ်စုံတွေ ငှားလို့ ရပါတယ်နော်။ မိတ်ကပ်ဆရာဆီက ငှားမယ်ဆိုရင်တော့ ကိုယ့်မျက်နှာကျနဲ့ မိတ်ကပ်ပုံစံ အဝတ်အစား လိုက်ဖက်မှု ရှိမရှိ တစ်ကြိမ်တည်း သိနိုင်ပါတယ်။ မိတ်ကပ်ဆရာဆီမှာ မငှားဘဲ ဝတ်စုံငှားတဲ့ဆီမှာ ငှားမယ်ဆိုရင်တော့ ဝတ်ကြည့်ဖို့ လိုပါတယ်။ ခဏခဏ ဝတ်ကြည့်ဖို့ အားမနာပါနဲ့နော်။ တစ်သက်မှာဆောင်တဲ့ တစ်မင်္ဂလာဖြစ်တာကြောင့် အလှဆုံး ဖြစ်နေဖို့ လိုပါတယ်နော်။

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ ငှားမယ်ဆိုရင် ခု Marry က ပြောပြထားတဲ့ အချက်လေးတွေကို သတိထားပေးပါနော်။

Comments

0 comments
Advertisement