Advertisement

စိတ်တိုင်းကျ ဒီဇိုင်းမျိုး ဖြစ်သင့်သလို ပွဲလမ်းသဘင်တိုင်းနဲ့ လိုက်ဖက်တဲ့ အချိန်မရွေး၊ နေရာမရွေး ဝတ်ဆင်ထားနိုင်တဲ့ လက်စွပ်မျိုး ဖြစ်ဖို့ အရေးကြီးလှပါတယ်

လက်ထပ်လက်စွပ်ဆိုတာ မင်္ဂလာမောင်နှံအတွက် အရေးပါဆုံး လက်ဝတ်ရတနာ အဆင်တန်ဆာ ဖြစ်သလို မင်္ဂလာပွဲအတွက် မပါမဖြစ်တဲ့ ပစ္စည်း တစ်ခုလည်းပဲ ဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာပွဲ ကျင်းပချိန်လေး အတွင်းမှာသာမကဘဲ မင်္ဂလာပွဲပြီးနောက်ပိုင်း တစ်လျှောက်လုံးမှာလည်း ဆင်မြန်းထားရမယ့် လက်ဝတ်ရတနာမျိုး ဖြစ်တဲ့အတွက်ကြောင့် သတို့သားသတို့သမီး စိတ်တိုင်းကျတဲ့ ဒီဇိုင်းမျိုး ဖြစ်သင့်သလို အကြမ်းခံပြီး ပွဲလမ်းသဘင်တိုင်းနဲ့ လိုက်ဖက်တဲ့ အချိန်မရွေး၊ နေရာမရွေး ဝတ်ဆင်ထားနိုင်တဲ့ လက်စွပ်မျိုး ဖြစ်ဖို့ အရေးကြီးလှပါတယ်။ ဒီလို အစစအရာရာ အဆင်ပြေမယ့် လက်စွပ်မျိုးကို ရွေးနိုင်ဖို့ဆိုတာ ခေါင်းသိပ်စားရမယ့် ကိစ္စဆိုတာ သေချာပါတယ်။ ဒါပေမယ့် Marry ရှိနေပြီ ဖြစ်လို့ မပူပါနဲ့  လက်ထပ်လက်စွပ်ရွေးရာမှာ ခေါင်းမစားရဖို့ သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

ဝယ်မလား အပ်နှံမလား

ကိုယ်ပိုင် ဒီဇိုင်းကိုမှ ကြိုက်တဲ့ မောင်နှံတွေ အနေနဲ့ကတော့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို အပ်နှံသင့်ပါတယ် (Photo – Larsen Jewellery)

တချို့ မင်္ဂလာမောင်နှံလေးတွေက လက်ထပ်လက်စွပ်အတွက် ရတနာဆိုင်မှာ အသင့်ရှိပြီးသား လက်စွပ်လေးတွေကို ဝယ်ကြတာမျိုး ရှိပေမယ့် တချို့ မင်္ဂလာမောင်နှံလေးတွေ ကတော့ ပန်းတိမ်မှာ စိတ်တိုင်းကျ အပ်နှံတတ်ကြပါတယ်။ ဒီဇိုင်းကို သိပ်ပြီး ဂျီးမများတတ်တဲ့ မောင်နှံလေးတွေက ဝယ်ယူလိုက်တာ အဆင်ပြေနိုင်ပေမယ့် ကိုယ်ပိုင် ဒီဇိုင်းကိုမှ ကြိုက်တဲ့ မောင်နှံတွေ အနေနဲ့ကတော့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို အပ်နှံသင့်ပါတယ်။

အဲ့လို အပ်နှံမယ့် အခါမှာတော့ ကြိုတင် အချိန်ယူဖို့ရယ်၊ မအပ်နှံခင် ကတည်းက ဒီဇိုင်းရှာထားဖို့ရယ်၊ လက်စွပ်မှာ သုံးမယ့် ကျောက်မျက်ရတနာရယ်ကို ရှာထားသင့်ပါတယ်။ အရေးကြီးတာကတော့ ဘယ်ပန်းတိမ်က ကိုယ့်အတွက် အသင့်တော်ဆုံး ဆိုတာကို ကြိုပြီး ရှာဖွေ စုံစမ်းထားသင့်ပါတယ်။

ရွှေသုံးမယ်ဆိုရင်

ရွှေသုံးမယ်ဆိုရင်  (Photo – Equality Weddings)

အများအားဖြင့်တော့ လက်ထပ်မင်္ဂလာနဲ့ ပတ်သက်တဲ့ လက်ဝတ်ရတနာတွေကို ရွှေနဲ့ပဲ လုပ်လေ့ရှိကြပါတယ်။ ရွှေနဲ့ လုပ်တဲ့ လက်ဝတ်ရတနာတွေမှာ ရွှေပါဝင်မှု နည်းနည်းနဲ့ အရွယ်အစား ကြီးကြီး လိုချင်တဲ့အခါ ရွှေအပွကို သုံးတတ်ကြပါတယ်။ လက်ထပ်လက်စွပ်တွေ အတွက်တော့ အရွယ်အစား သေးရင် သေးပါစေ ရွှေကို အပွ မလုပ်ဘဲ အကျစ်လုပ်သင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ထပ် လက်စွပ်ဆိုတာ နေ့စဉ် ဝတ်ဆင်ထားရမယ့် လက်စွပ် ဖြစ်တာကြောင့် အကြမ်းခံဖို့ လိုအပ်လို့ပါ။ ရွှေအပွကို သုံးထားတဲ့ လက်ဝတ်ရတနာတွေကတော့ ကျစ်လစ် သိပ်သည်းမှု မရှိဘဲ ကျိုးပဲ့ လွယ်တာကြောင့်  နေ့စဉ်သုံးအတွက် အဆင်မပြေဘဲ ပွဲနေပွဲထိုင် အတွက်ပဲ အဆင်ပြေပါတယ်။

Comments

0 comments